ချန်ပီယံလိဂ်မှာ ချယ်ဆီး၊ မန်စီးတီးတို့နဲ့ ထိပ်တိုက် မတွေ့တာကို ကျေနပ်မိကြောင်း ကလော့ပ် ရှင်းပြ

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ချယ်ဆီး၊ မန်စီးတီးတို့နဲ့ အတွဲမကျဘဲ အင်္ဂလန်ပြင်ပ ကလပ်တွေနဲ့ ထိပ်တိုက်တွေ့နေခြင်းကို ကျေနပ်ပါကြောင်း ထုတ်ပြောခဲ့ပါတယ်။

လီဗာပူးဟာ ပေါ်တူဂီကလပ် ဘင်ဖီကာနဲ့ ကွာတားအဆင့်မှာ ယှဉ်ပြိုင်ရမှာဖြစ်ကာ ဆီမီးအဆင့်မှာတော့ ဗီလာရီးရဲလ်နဲ့ ဘိုင်ယန်မြူးနစ်အတွဲက တက်လာမယ့် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်လုပွဲမှာ အင်္ဂလန်တစ်သင်းနဲ့ ထိပ်တိုက်တွေ့နိုင်တဲ့ အခြေအနေ ရှိနေတာကလွဲလို့ လီဗာပူးက ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် ပြင်ပလိဂ်က ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ရမှာပါ။

ကလော့ပ်ကတော့ တစ်ရာသီလုံး အင်္ဂလန်အသင်းတွေနဲ့ ပြည်တွင်း အမှတ်ပေးလိဂ်၊ ကာရာဘောင်း၊ အက်ဖ်အေလို ပြိုင်ပွဲတွေမှာ ထိပ်တိုက်တွေ့နေကျဖြစ်လို့ ဥရောပပြိုင်ပွဲမှာတော့ ခြားနားတဲ့ ပြိုင်ဘက်မျိုးကို ရင်ဆိုင်လိုနေခဲ့ပါတယ်။ အခု လီဗာပူးရဲ့ ပွဲစဉ်ဇယားဟာ ဥရောပပြိုင်ပွဲရဲ့ အရသာကို ပြည့်ပြည့်ဝဝ ခံစားခွင့်ပေးမှာမို့ ကျေနပ်နေတာဖြစ်တယ်။

ကလော့ပ်က ” ကွာတားဖိုင်နယ်မှာ အိမ်ကွင်းအာသာချက် ရသွားတာ ကောင်းပါတယ်။ ဒုတိယပိုင်းကို အိမ်ကွင်း ကစားခွင့်ရတာက ကောင်းပါတယ်။ ဒါပေမယ့် ပထမအကျော့ ဘယ်လို့ ရလဒ်ဆိုတဲ့အပေါ် မူတည်ပါသေးတယ်။ အဲ့မှာ ဘယ်လို အခြေအနေ ဖြစ်မလဲပေါ့။ အဲ့တာအပြီး အန်ဖီးမှာ ယှဉ်ပြိုင်ရမှာက ကောင်းပါတယ်။

ကွာတားဖိုင်နယ်မှာ ဘယ်လို ပြိုင်ဘက်နဲ့မဆို အတွဲကျချင်ခဲ့ပါတယ်။ ဘယ်အသင်းကိုမဆို ပြိုင်ဘက်အဖြစ် ရင်ဆိုင်မှာပါ။ ဒါပေမယ့် အင်္ဂလန်အသင်းတွေနဲ့ အတွဲမကျလိုခဲ့ပါဘူး။ အတိတ်က ကွာတားအဆင့်တွေမှာ အင်္ဂလန်အသင်းတွေနဲ့ အတွဲကျခဲ့ဖူးတယ်။ ကျနော်တို့ ရင်ဆိုင် ကျော်ဖြတ်ခဲ့ဖူးသလို ဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းချင်းလည်း ရင်ဆိုင်ရဖူးပါတယ်။

ဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းနဲ့ ပြန်တွေ့တာက ရပါတယ်၊ အဆင်ပြေပါတယ်။ ဗိုလ်လုပွဲမှာတော့ ဘယ်အသင်းနဲ့ပဲ တွေ့တွေ့ပါ။ ဒါပေမယ့် ကွာတားအဆင့်မှာ အင်္ဂလန်ကလပ်တွေနဲ့ မတွေ့တာကို ပျော်ရွှင်မိပါတယ်။ သူတို့ရဲ့ အရည်အချင်းကြောင့်နဲ့ မဆိုင်ဘဲ အဓိကအားဖြင့် ဒါက ချန်ပီယံလိဂ်ပြိုင်ပွဲဖြစ်နေလို့ပါ။

ကျနော်တို့က အင်္ဂလန်အသင်းတွေနဲ့ တစ်ရာသီလုံး လုံလောက်အောင် ပြိုင်လာရပြီးပါပြီ။ ဥရောပလို ပြိုင်ပွဲမှာ အခြားလိဂ်က အသင်းတွေနဲ့ ထိပ်တိုက်တွေ့တာက ပိုကောင်းတာပေါ့ဗျာ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ အတိတ်မှာတုန်းက ချယ်ဆီးလို အင်္ဂလန်ပြည်တွင်း ပြိုင်ဘက်နဲ့ ရှုံးထွက်အဆင့်တွေမှာ တွေ့ခဲ့ဖူးသလို ကလော့ပ် လက်ထက်မှာ မန်စီးတီးနဲ့လည်း ထိပ်တိုက်တွေ့ခဲ့တာပါ။ ဒါ့အပြင် ၂၀၁၉ ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာတော့ စပါးကို အနိုင်ရပြီး ဥရောပဖလားကို ၆ ကြိမ်မြောက် ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။