လာမယ့်ရာသီ ယူနိုက်တက်က နည်းပြသစ် ခန့်မှာနဲ့အတူ ရော်နယ်ဒို အနာဂတ်သတင်း ထွက်ပေါ်

ခရစ္စတီယာနို ရော်နယ်ဒိုဟာ နောက်ထပ်တစ်ရာသီ မန်ချက်စတာ ယူနိုက်တက်မှာ ဆက်ရှိနေဖို့ ရည်မှန်းထားပြီး ဒီနွေရာသီမှာ ကလပ်ရဲ့ အကြီးအကဲတွေဟာ ကမ္ဘာ့အဆင့် မန်နေဂျာတစ်ယောက် ခန့်အပ်လိမ့်မယ်လို့ ယုံကြည်နေပါကြောင်း စပိန်သတင်းဌာန AS က ဖော်ပြပါတယ်။

ပေါ်တူဂီကြယ်ပွင့်ဟာ ဒီနှစ်အစမှာ ပုံမှန်ခြေစွမ်းအောက် ကျဆင်းခဲ့ခြင်းကြောင့် ယာယီနည်းပြ ရက်ဖ်ရန်းနစ်ဟာ သူ့ကို ချန်လှပ်ထားဖို့တောင် စဉ်းစားခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ထားခဲ့တယ်။ ဒါပေမယ့် ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့အပတ်က စပါးနဲ့ပွဲမှာ အံ့အားသင့်ဖွယ် ဟက်ထရစ် သွင်းယူခဲ့ပြီး သူဘယ်လောက်တောင် အစွမ်းအစ ရှိနေသေးလဲဆိုတာ လူတိုင်းကို သတိပေးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ့နောက် ယူနိုက်တက်ဟာ ချန်ပီယံလိဂ်မှာ အက်သလက်တီကို မက်ဒရစ်ကို ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရကာ ၅ နှစ်ဆက် ဖလားလက်မဲ့ဆက်ဖြစ်ဖို့ သေချာသွားခဲ့ပါပြီ။ ဒါဟာ ၁၉၇၀ ကာလတွေနောက်ပိုင်း ယူနိုက်တက်ရဲ့ အရှည်ကြာဆုံး ဖလားမိုးခေါင်မှုကာလ ဖြစ်ခဲ့သလို ဒီရာသီမှာ ထိပ်ဆုံးလေးသင်းထဲဝင်ဖို့သာ အမြင့်ဆုံး မှန်းနိုင်တော့တာ ဖြစ်ပါတယ်။

ဘလွန်းဒီအော ငါးဆုရှင်ဟာ သူ့ကစားသမားဘဝ နေဝင်ခါနီး အချိန်မှာ ဆုဖလားတွေအတွက် ပြိုင်ဆိုင်ချင်နေပြီး အခုချိန်မှာ ယူနိုက်တက်က ဖလားစိန်ခေါ်ဖို့ အလှမ်းကွာဝေးနေတာနဲ့အတူ သူ့ရဲ့ အောင်မြင်မှု မှတ်တမ်းထဲ နောက်ထပ် ဆုဖလားတွေ ထပ်ပေါင်းထည့်ဖို့ဆိုတာ အတားအဆီးတွေ ရှိနေတာပါ။

ဒါပေမယ့် ရော်နယ်ဒိုဟာ ကလပ်အတွက် စိတ်နှစ်ထားဆဲဖြစ်ပြီး နောက်ရာသီမှာ သူ့စာချုပ် နောက်ဆုံးနှစ် ကုန်တဲ့အထိ ဆက်နေသွားဖို့ ဆုံးဖြတ်ထားတယ်လို့ သိရတယ်။ ရော်နယ်ဒိုဟာ ရန်းနစ်ရဲ့ ကစားပုံမှာ အံဝင်ဖို့ ရုန်းကန်နေရပေမယ့် ကလပ်ဟာ နည်းပြသစ်တစ်ယောက် ခေါ်ယူဖို့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချလိမ့်မယ်လို့ ယုံကြည်မှုရှိနေပါတယ်။

ယူနိုက်တက်ဘုတ်အဖွဲ့ဟာ နွေရာသီမှာ အရေးပါတဲ့ လူအင်အားဖြည့်တင်းမှုတွေနဲ့အတူ မန်နေဂျာအသစ်တစ်ယောက် ခေါ်ယူပြီးရင် ဆုဖလားတွေအတွက် ယှဉ်ပြိုင်နိုင်တဲ့ အနေအထားတစ်ခုကို ရောက်လာလိမ့်မယ်လို့ ရီးရဲလ်မက်ဒရစ် ကြယ်ပွင့်ဟောင်းက ယုံကြည်နေပါတယ်။

ရန်းနစ်နေရာကို ဆက်ခံဖို့ နာမည်အကြီးဆုံးနှစ်ယောက်က ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုနဲ့ အေဂျက်နည်းပြ အဲရစ်တန်ဟက်တို့ ဖြစ်ပေမယ့် ချယ်ဆီးနည်းပြ သောမတ်စ်တူချယ်ကလည်း အနောက်လန်ဒန်က ပြဿနာတွေကြောင့် ယူနိုက်တက်ကို ပြောင်းရွှေ့လာဖို့ အလားအလာရှိသူ တစ်ယောက်အဖြစ် ထင်ကြေးပေးခံလာရပါတယ်။

ရော်နယ်ဒိုဟာ ဒီရာသီမှာ သွင်းဂိုး ၁၂ ဂိုးနဲ့အတူ ပရီးမီးယားလိဂ် တတိယပူးတွဲ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ပြီး ဆာလာနဲ့ ဂျိုတာတို့ရဲ့နောက်မှာ ရပ်တည်နေသလို ဖန်တီးမှု သုံးကြိမ်လည်း ပြုလုပ်ထားခဲ့ပေမယ့် သူ့ရဲ့ လုပ်အားနှုန်းနဲ့ ဖိအားပေးကစားနိုင်ခြင်း မရှိတာကြောင့် ဝေဖန်မှုတွေ ခံခဲ့ရတာ ဖြစ်ပါတယ်။