ချယ်ဆီး၊ လီဗာပူး၊ မန်စီးတီးတို့ရဲ့ ချန်ပီယံလိဂ် ကွာတားနဲ့ ဆီမီးအဆင့် မဲခွဲမှုရလဒ်များ

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့် မဲခွဲမှုရလဒ်တွေ ထွက်ပေါ်လာကာ အင်္ဂလန်ကလပ်တွေက သူတို့ရဲ့ ပြိုင်ဘက်တွေကို သိခွင့်ရခဲ့ပြီဖြစ်ပါတယ်။

လက်ရှိ ချန်ပီယံ ချယ်ဆီးအသင်းက ခက်ခဲတဲ့အတွဲအဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ ထိပ်တိုက်တွေ့မှာ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ မနှစ်က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်မှာ ထိပ်တိုက်တွေ့ခဲ့ကြကာ နှစ်ကျော့ပေါင်း ၃-၁ ဆိုတဲ့ ရလဒ်နဲ့ ချယ်ဆီးက ဗိုလ်လုပွဲကို ရောက်ခဲ့ကာ အဆုံးမှာ မန်စီးတီးကို အနိုင်ရပြီး လန်ဒန်ကလပ် ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။

ဒီရာသီ ဥရောပရဲ့ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းအဖြစ် ခြေစွမ်းပြန်လည် တောက်ပနေတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ လက်ရှိ ချန်ပီယံ ချယ်ဆီးကြားက မကျေပွဲ ပြန်နွဲမှုကြောင့် ပွဲကောင်းတစ်ပွဲဖြစ်လာဖို့ ရှိနေပါတယ်။

ဒီရာသီ အင်္ဂလန်ကလပ်တွေနဲ့ ရေစက်ကြီးလှတဲ့ အက်သလက်တီကို မက်ဒရစ်ဟာ အုပ်စုအဆင့်မှာ လီဗာပူး၊ ၁၆ သင်းအဆင့်မှာ ယူနိုက်တက်တို့နဲ့ ထိပ်တိုက်တွေ တွေ့ခဲ့ပြီး အခုတစ်ကြိမ်မှာလည်း ကွာတားဖိုင်နယ်အဖြစ် မန်စီးတီးနဲ့ ထိပ်တိုက်တွေ့ဦးမှာပါ။ တိုက်စစ်နဲ့ ခံစစ်အားပြိုင်မှုကို မြင်ရမယ်လို့ ယူဆရပါတယ်။

ချယ်ဆီးအတွဲနဲ့ မန်စီးတီးအတွဲတွေက တက်လာတဲ့ ကလပ်နှစ်သင်းဟာ ဆီမီးဖိုင်နယ်အဆင့်မှာ ထိပ်တိုက်တွေ့မှာဖြစ်ပါတယ်။

နောက်ထပ် အင်္ဂလန်ကလပ် လီဗာပူးကတော့ ကွာတားအဆင့်မှာ အားအနည်းဆုံး ပြိုင်ဘက်ဖြစ်တဲ့ ဘင်ဖီကာနဲ့ ထိပ်တိုက်တွေ့မှာဖြစ်ပါတယ်။ ယာဂင်ကလော့ပ်ရဲ့ အသင်းအတွက်တော့ ပျော်ရွှင်စရာ အတွဲကျမှုဖြစ်ပြီး သူတို့ဟာ ဒီရာသီ အုပ်စုအဆင့်မှာတုန်းက ဘင်ဖီကာရဲ့ ပြည်တွင်းပြိုင်ဘက် ပေါ်တိုအသင်းနဲ့ အတွဲကျခဲ့ဖူးပါတယ်။

လက်ကျန် အတွဲအဖြစ် ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်ဟာ လာလီဂါကလပ် ဗီလာရီးရဲလ်နဲ့ ထိပ်တိုက်တွေ့နေတာပါ။ ဒီအတွဲက အနိုင်ရတဲ့ အသင်းနဲ့ လီဗာပူးအတွဲမှာ အနိုင်ရတဲ့အသင်းတို့ ဆီမီးဖိုင်နယ်အဆင့်မှာ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

၂၀၂၁-၂၀၂၂ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် မဲခွဲမှုရလဒ်

  • Chelsea vs Real Madrid
  • Man City vs Atletico Madrid
  • Villarreal vs Bayern Munich
  • Benfica vs Liverpool

ကွာတား၊ ဆီမီးနဲ့ ဖိုင်နယ်အဆင့်တွေ

  • ကွားတားဖိုင်နယ်အဆင့် ပထမအကျော့ကို ဧပရယ်လ ၅-၆ ရက်၊ ဒုတိယအကျော့ကို ဧပရယ်လ ၁၂-၁၃ ရက်တွေမှာ ယှဉ်ပြိုင်ရမှာပါ။
  • ဆီမီးဖိုင်နယ်အဆင့် ပထမအကျော့တွေကတော့ ဧပရယ်လ ၂၆-၂၇ ရက်၊ ဒုတိယအကျော့ကို မေလ ၃-၄ ရက်တွေမှာ တစ်ချိန်တည်း ယှဉ်ပြိုင်ကြပါမယ်။
  • ချန်ပီယံလိဂ် ဗိုလ်လုပွဲကိုတော့ မေလ ၂၈ ရက်နေ့မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။