ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ချယ်ဆီး မတွေ့ချင်တဲ့အသင်း? မေးခံရမှု တူချယ် ပြန်ဖြေ

ချယ်ဆီးဟာ ချန်ပီယံလိဂ် နောက်ဆုံး ၈ သင်းအဆင့်မှာ ဗီလာရီးရဲလ်၊ လီဗာပူး၊ မန်စီးတီး၊ ဘိုင်ယန်မြူးနစ်၊ ဘင်ဖီကာ၊ ရီးရဲလ်မက်ဒရစ်၊ အက်သလက်တီကို မက်ဒရစ်တို့နဲ့အတူ တက်ရောက်ခဲ့ပြီဖြစ်ပါတယ်။

တူချယ်ရဲ့အသင်းဟာ ၁၆ သင်းအဆင့် ဒုတိယအကျော့မှာ လိုင်လီကို ပင်နယ်တီ ပေးရမှုနဲ့အတူ ယာယီ အရေးနိမ့်ခဲ့ရပေမယ့် ဥရောပချန်ပီယံတွေဟာ မုန်တိုင်းပြန်တိုက်ပြခဲ့ပြီး ပထမပိုင်း အချိန်ပိုမှာ ပူလီဆစ်ရဲ့ ချေပဂိုးက ဧည့်အသည်အသင်းဆီ အရှိန်အဟုန်တွေ ပြောင်းလဲ ရောက်ရှိသွားစေခဲ့ပါတယ်။

အခုချိန်မှာတော့ ချယ်ဆီးဟာ အထက်က အသင်း ၇ သင်း ထဲက တစ်သင်းသင်းနဲ့ ကွာတားဖိုင်နယ်အဆင့်မှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ သူတို့ထဲက ဘယ်အသင်းကို ရှောင်ချင်လဲ? လို့ မေးမြန်းခဲ့ရာမှာ တူချယ်က တခြားအသင်းတွေကပဲ သူတို့ကို ကြောက်နေသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။

“ ကျွန်တော်တို့ဟာ ဘယ်သူမှ ရင်မဆိုင်ချင်တဲ့အသင်း ဖြစ်ချင်ပါတယ်။ နောက်ဆုံး ၈ သင်းအဆင့်မှာ ဒါက ကျွန်တော်တို့ ကိုယ့်ဘာသာကိုယ် မြင်ထားတဲ့ အဆင့်အတန်းပဲ။ အခု ကမ္ဘာ့အခက်ခဲဆုံးလို့ ပြောလို့ရတဲ့ ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့ဟာ ထိပ်ဆုံး လေးနေရာအတွက် တိုက်ပွဲဝင်နေတယ်။

ချန်ပီယံလိဂ်မှာလည်း နောက်ဆုံး ၈ သင်းထဲမှာ တိုက်ပွဲဝင်နေပါတယ်။ ဒါကြောင့် ဒီအဆင့်က ကျွန်တော်တို့အတွက် အကောင်းဆုံးပုံစံတွေ ယူလာပေးလိမ့်မယ်။ ကျွန်တော်တို့ဟာ ဘယ်သူမှ ရင်မဆိုင်ချင်တဲ့ အသင်းတစ်သင်း ဖြစ်ချင်ပါတယ်။ ဒါကြောင့် အနာဂတ်မှာ ဘာတွေ ဖြစ်မလဲဆိုတာ ကြည့်ကြတာပေါ့ ” လို့ တူချယ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ချယ်ဆီးဟာ ကွာတားဖိုင်နယ် တက်ရာက်ခဲ့တာကြောင့် UEFA ဆီကနေ အနည်းဆုံး ပေါင် ၈.၉ သန်းကို ဆုကြေးအဖြစ် ထပ်မံ ရရှိသွားမှာ ဖြစ်ပါတယ်။ လက်ရှိ ချယ်ဆီးအသင်းကို ပိတ်ဆို့မှုတွေဟာ ဥရောပပြိုင်ပွဲ ဆုကြေးတွေနဲ့ ပတ်သက်ခြင်း မရှိပါဘူး။

အသင်းပိုင်ရှင် ရိုမန်အေဘရာမိုဗစ် ပိတ်ဆို့ အရေးယူခံရပြီးနောက် ကလပ်ရဲ့ ရေရှည်အနာဂတ်က မေးခွန်းထုတ်စရာ ဖြစ်နေပြီး ကလပ်ဟာ ပွဲနေ့ လက်မှတ်တွေနဲ့ အမှတ်တရပစ္စည်းတွေ ရောင်းချနိုင်ခြင်း မရှိတာနဲ့အတူ ဒီဆုကြေးဟာ ချယ်ဆီးအတွက် အားတက်စရာဖြစ်စေမယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။

ချယ်ဆီးဟာ အဲ့ဒီ့ဆုကြေးတွေကို ချက်ချင်းတော့ ရရှိမှာ မဟုတ်ဘဲ ချန်ပီယံလိဂ်ပြိုင်ပွဲ ပြီးဆုံးသွားတဲ့အထိ စောင့်ရဖွယ်ရှိတယ်လို့ သိရတာဖြစ်ပါတယ်။