သာယာနေတဲ့ ငါ့ရဲ့ ညနေခင်းကို ဖျက်ဆီးလိုက်ကြတာ ကျေးဇူးတင်တယ်လို့ တူချယ် အရွဲ့တိုက်

ချယ်ဆီးအသင်းက ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်လို့ ပျော်ရွှင်နေတဲ့ တူချယ်ရဲ့ သာယာနေမှုကို သတင်းဆိုးတစ်ခုက ဖျက်ဆီးလိုက်ပြန်ပါပြီ။

လိုင်လီကို အဝေးကွင်းမှာ ၂-၁ နဲ့ အနိုင်ရအပြီး ချယ်ဆီးဟာ နှစ်ကျော့ပေါင်း ရလဒ် ၄-၁ နဲ့အတူ ကွာတားဖိုင်နယ် ၈ သင်းထဲမှာ ပါဝင်သွားခဲ့တာပါ။ ပြိုင်ဘက်အသင်း ဘယ်သူဖြစ်မယ်ဆိုတာကို သောကြာနေ့မှာ သိရမှာဖြစ်ပြီး လက်ရှိ ချန်ပီယံတွေက ဥရောပဖလား ကာကွယ်နိုင်ရေးအတွက် စိတ်အားထက်သန်နေကြမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပွဲအတွက် ဖြေဆိုမှုတွေ လုပ်ပေးနေရင်းမှာပဲ တူချယ်က သတင်းဆိုးကို ကြားခဲ့ရတာပါ။ လိုင်လီကို အနိုင်ရပေမယ့်လို့ မကြာခင်မှာ စတင်ရောင်းချတော့မယ့် ကွာတားအဆင့် ချန်ပီယံလိဂ်ပွဲ လက်မှတ်တွေကို ချယ်ဆီးပရိသတ်တွေ ဝယ်ယူခွင့်ရမှာ မဟုတ်တော့ပါဘူး။

အဆိုပါသတင်းကို ကြားအပြီးမှာပဲ တူချယ်က ” သာယာနေ့တဲ့ ငါ့ ညနေခင်းကို ဖျက်ဆီးလိုက်တာ ကျေးဇူးပဲ ” လို့ တုန့်ပြန်ခဲ့တယ်။

ပြင်သစ်မြေမှာ ချယ်ဆီးအသင်းကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေနဲ့ ပတ်သက်လို့က ” သိပ်ကောင်းခဲ့တယ်၊ သိပ်ကောင်းခဲ့ကြပါတယ်။ ပရိသတ်တွေ အများကြီး အသင်းကို အခုလို အားပေးကြတာ ကောင်းပါတယ်။ ကျနော်တို့ ကွာတားဖိုင်နယ်ကို နောက်တစ်ကြိမ် ရောက်လာပါပြီ။

ဒါက ကြီးမားတဲ့ ခြေလှမ်းပါပဲ။ ကျနော်တို့ရဲ့ ခံနိုင်ရည်ရှိမှုနဲ့ စိတ်ဓါတ်ပိုင်းကို ပြသခဲ့တာပါ။ ခက်ခဲမှုတွေကို ရင်ဆိုင်ပြီး ရခဲ့တဲ့ နိုင်ပွဲက ထိုက်တန်ပါတယ် ” လို့ ချီးကျူးခဲ့တယ်။

အခက်အခဲတွေကို ရင်ဆိုင်နေရပေမယ့် လမ်းကြောင်းမှန်မှာ အသင်း ဆက်လက် ရှိနေတာက ခိုင်မာတဲ့ စိတ်ဓါတ်ပိုင်းကြောင့်ဖြစ်တယ်လို့ တူချယ်က ယုံကြည်တယ်။ ကွာတားအဆင့်မှာ ဘယ်အသင်းနဲ့ အတွဲကျမလဲကို သူက ရင်ခုန်နေပါတယ်။

ထပ်လောင်းပြီး တူချယ်က ” ကလပ်ရဲ့ စိတ်ဓါတ်ပိုင်းက ကောင်းမွန်သလို ကစားသမားတွေရဲ့ ခံယူချက်ကလည်း သန်မာနေဆဲပါ။ ခက်ခဲတဲ့ ကာလဖြစ်တာတောင် အခုလို အာရုံစိုက်နိုင်နေဆဲဖြစ်တယ်။ ကျနော်တို့ ဆက်သွားနိုင်ဖို့ မျှော်လင့်ပါတယ်။

ဒီနေ့မှာ ကျနေ်ာတို့ ပြည့်စုံချင်ခဲ့ပြီး ကွာတားအဆင့်ကို တက်ရောက်လိုခဲ့တယ်။ မဲခွဲမှုမှာ ကျမယ့် အတွဲအတွက် စိတ်လှုပ်ရှားနေပြီး မက်ဒယ်ဘရော့နဲ့ ယှဉ်ပြိုင်သွားရပါဦးမယ် ” လို့ ပြောဆိုသွားပါတယ်။