ရှုံးပွဲကြောင့် နာကျည်းနေတဲ့ သရဲနီပရိသတ်တွေ ဘီယာဗူးနဲ့ ပေါက်ကြတဲ့ ကိစ္စ ဆီမြွန်နီ တုန့်ပြန်

အိုးထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ကစားတဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ အက်သလက်တီကိုတို့ အနိုင်ရအပြီး မန်နေဂျာ ဆီမြွန်နီက ဥမင်ထဲ ပြေးဝင်စဉ် ယူနိုက်တက်ပရိသတ်တွေ ဗူးတွေနဲ့ ကောက်ပေါက်ကြတဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါဖြစ်ရပ်ကို ဘောလုံးဝေဖန်သူတွေက ရှက်စရာဖြစ်ရပ်အဖြစ် ဝေဖန်ထားကြသလို ယူအီးအက်ဖ်အေက မန်ချက်စတာ ယူနိုက်တက်ကို အရေးယူမှုလုပ်ဖို့ စဉ်းစားနေပြီဖြစ်တယ်။ နှစ်ကျော့ပေါင်း ၂-၁ ဆိုတဲ့ ရလဒ်နဲ့အတူ ကွာတားအဆင့်ကို တက်ရောက်ကြောင်း သေချာအပြီး ဆီမြွန်နီဟာ ကွင်းထဲကနေ ပြေးထွက်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

ဒေါသထွက်နေတဲ့ ယူနိုက်တက်ပရိသတ်တွေ သောက်လက်စ ဗူးတွေနဲ့ ပေါက်ကြခြင်းအပေါ် မေးခွန်းထုတ်ခံရချိန်မှာ ဆီမြွန်နီက ‘ နိုး။ ကွင်းထဲကနေ ထွက်လာတော့ ကျနော် ပြေးလွှားလာခဲ့တာက ပျော်နေလို့ပါ။ အဝတ်လဲခန်းထဲ ဝင်ပြီး ပျော်ချင်လို့ ဖြစ်ပါတယ်။

ဒီတေ့ာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ကျနော် မသိပါဘူး။ ခင်ဗျား ပြောလို့ သိရတာ ကျနော် တွေးနေမိတာကတော့ အဝတ်လဲခန်းထဲကို ဝင်ဖို့ပါပဲ။ ကျနော် အရမ်းပျော်နေတာလေ ’ လို့ ရှင်းပြခဲ့တယ်။

အေတီကိုရဲ့ စွမ်းဆောင်ရည်အတွက်လည်း ဆီမြွန်နီက ‘ ကျနော် အရမ်းပျော်ပါတယ်။ ဒီလို အခိုက်အတန့်ကို ရဖို့အတွက် များစွာသော လူတွေက ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ရတာပါ။ ကောင်လေးတွေအတွက် သိပ်ကောင်းတဲ့ အခိုက်အတန့် ဖြစ်သလို ဒီရာသီ ကျနေ်ာတို့ရဲ့ အကောင်းဆုံး ပွဲတွေထဲက တစ်ပွဲဖြစ်ပါတယ် ’ လို့လည်း ထပ်လောင်း ပြောဆိုခဲ့တာဖြစ်တယ်။

တကယ်တော့ ပရီးမီးယားလိဂ်မှာ ပြိုင်ဘက် ကစားသမားတွေကို ပစ္စည်းတွေနဲ့ ပစ်ပေါက်ခြင်းတွေက ကိုဗစ် အလွန်မှာ အတော်လေး အရှိန်မြင့်လာနေတာပါ။ ပြည်တွင်းပွဲတွေမှာ အဆိုပါကိစ္စမျိုး မကြာခဏ မြင်တွေ့နေရရာကနေ အခုချိန်မှာ ဥရောပပွဲမှာပါ မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကစားသမားဟောင်း အိုဟားရားကတော့ ချန်ပီယံလိဂ်လို အဆင့်မှာ ပြိုင်ဘက် မန်နေဂျာကို ကောက်ပေါက်ကြတဲ့ အပြုအမှုမျိုး ယူနိုက်တက်ပရိသတ်တွေ မလုပ်သင့်ဘူးလို့ ဝေဖန်ခဲ့တယ်။

‘ ဥမင်ထဲကို ပြေးဝင်ဖို့ ကြိုးစားတဲ့ မန်နေဂျာတစ်ဦးအပေါ် ဒီလုပ်ရပ် လုပ်ခဲ့တဲ့ ယူနိုက်တက်ပရိသတ်တွေ ရှက်သင့်ပါတယ်။ လက်မခံနိုင်စရာပါဘဲ။ အဲ့ပရိသတ်တွေက ပွဲကြည့်ခွင့်တွေ ပိတ်ခံရသင့်တယ်။ အရေးယူမှု များများလုပ်ရမယ်။ ဒါမျိုးတွေ မမြင်ချင်ပါဘူးဗျာ။

ကိုဗစ်ကာလအပြီး ကွင်းထဲကို ပရိသတ်တွေ ပြန်ဝင်ခွင့်ရကတည်းက ကွင်းနားနီးတဲ့ ပရိသတ်တွေဟာ ပြိုင်ဘက် မန်နေဂျာတွေ၊ ကစားသမားတွေကို အရာဝတ္ထုတွေနဲ့ ကောက်ပေါက်တာတွေ လုပ်နေကြတော့တာပဲ။ ဒါက လက်မခံနိုင်စရာပါ။ ဒီလို ကိစ္စတွေကို ရပ်တန့်ရပါမယ်။ ပြင်းထန်တဲ့ အပြစ်ပေးမှုတွေ လုပ်ရမယ် ဒါမျိုး လုပ်တာတွေ သိပ်များလာနေပါပြီ ’ လို့ ဝေဖန်သွားခဲ့ပါတယ်။