ဒိုင်လူကြီးက ဟာသပဲဆိုကာ အေတီကို ရှုံးပွဲမှ မကျေနပ်ချက်တွေကို ဖွင့်ချသွားတဲ့ ရန်းနစ်

မန်ချက်စတာယူနိုက်တက်ဟာ အိမ်ကွင်းမှာ အက်သလက်တီကို မက်ဒရစ်ကို ရင်ဆိုင်တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့မှာတော့ ၁-၀ ဖြင့် အရေးနိမ့်ခဲ့ပါတယ်။

ဒါကြောင့် နှစ်ကျော့ပေါင်းရလဒ် ၂-၁ ဖြင့် ယူနိုက်တက်ဟာ ဥရောပပြိုင်ပွဲကနေ ထွက်ခွာခဲ့ပြီဖြစ်တယ်။ ယာယီနည်းပြ ရန်းနစ်ကတော့ ပွဲကို ကြီးကြပ်တဲ့ စလိုဗားနီးယား ဒိုင်လူကြီးကို ‘တကယ့်ဟာသပဲ’ လို့ ဝေဖန်ခဲ့ကာ အဆုံးအဖြတ်ဖြစ်စေတဲ့ လိုဒီရဲ့ ခေါင်းတိုက်ဘော မတိုင်ခင်မှာ အီလန်ဂါကို ပြိုင်ဘက်ကစားသမားတွေ ပြစ်ဒဏ်ကျူးလွန်ခြင်းကို မျက်ကွယ်ပြုတဲ့ ကိစ္စအား မကျေနပ်ကြောင်းကို ထုတ်ပြောခဲ့တယ်။

သရဲနီနည်းပြက ” ပထမပိုင်းမှာ ကောင်းကောင်းကစားခဲ့သလို ကိုယ်လိုချင်တဲ့ အင်ပြည့်အားပြည့် ကစားနိုင်ပေမယ့် သွင်းဂိုး ရအောင် မလုပ်နိုင်ခဲ့ဘူး။ ကျနော်တို့ အနေအထားကောင်းတွေမှာ ဂိုးရသင့်တဲ့ အခြေအနေတွေ ရှိခဲ့ပေမယ့် ဂိုးမရခဲ့ပါဘူး။ ပထမပိုင်း ပြီးခါနီးလေ ကောင်တာတိုက်စစ်ကနေ ဂိုးပေးလိုက်ရတာက မလွယ်ကူလှပါဘူး။

ဒုတိယပိုင်းက ခက်ခဲခဲ့သလို အမြဲတမ်း နှောက်ယှက်ခံခဲ့ရတယ်။ သူတို့က တစ်ယောက်မဟုတ် တစ်ယောက်တော့ မြက်ခင်းမှာ လဲကျနေခဲ့တာပါ။ ဒိုင်လူကြီးရဲ့ အချို့သော ထူးဆန်းတဲ့ ဆုံးဖြတ်ချက်တွေ အကြောင်းလည်း ပြောချင်သေးတယ်။ သူတို့က ပြတ်ပြတ်သားသားလည်း မရှိပါဘူး။

ဒီလို အချိန်ဆွဲကစားနေမှုတွေအပေါ် အချိန်ပို ၄ မိနစ်ပဲ ပေးတာကတော့ ကျနော်အတွက် ဟာသပါပဲ။ အီလန်ဂါကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာလည်း သေချာပေမယ့်လို့ ကွင်းလယ်ဒိုင်နဲ့ စည်းကြပ်ဒိုင်တို့က မမြင်ခဲ့ကြပါဘူး။

ခံစစ်ပိုင်းမှာ အက်သလက်တီကိုက ဘယ်လောက်ထိ ကောင်းသလဲဆိုတာ ကျနော်တို့ သိပါတယ်။ ဒီလို အသင်းကို ရင်ဆိုင်ကစားမယ်ဆိုရင် ဦးဆောင်ဂိုးကို ကိုယ်က အရင်ဆုံး သွင်းဖို့ လိုမယ်ဆိုတာ ကျနော်တို့ သိပါတယ် ” လို့ ဆိုသွားခဲ့တာဖြစ်တယ်။

ဒီရှုံးပွဲကြောင့် ယူနိုက်တက်ဟာ ၅ နှစ်အတွင်း ပထမဆုံးအကြိမ် ဆုဖလား တစ်လုံး ပြန်ရခွင့် ဆုံးရှုံးခဲ့ပြီဖြစ်တယ်။ ဒါအပြင် လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ပရီးမီးယားလိဂ်မှာ အဆင့်လေးဝင်ခွင့်ရမှပဲ ဝင်ရောက်နိုင်တော့မှာပဲ ဖြစ်ပါတယ်။