လိုင်လီပွဲအတွက် ချယ်ဆီးက ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရောက်အောင် လာမယ်လို့ တူချယ် သတိပေး

သောမက်စ် တူချယ်က လာမယ့် ချယ်ဆီးရဲ့ ချန်ပီယံလိဂ်ပွဲမှာ ဘယ်လိုတွေပဲ ဖြစ်နေပါစေ သူ့အသင်းဟာ ပွဲကို ယှဉ်ပြိုင်ဖို့ အရောက်လာမယ်လို့ ကြေညာခဲ့ပါတယ်။

ရိုမန် အေဘရာမိုဗစ်ကို ဗြိတိန်အစိုးရရဲ့ ကန့်သတ်မှုတွေကြောင့် ချယ်ဆီးအသင်းဟာ အဝေးကွင်းပွဲစဉ်တွေကို သွားရောက်ရာမှာ ဘဏ္ဍာရေး အကန့်အသတ်တွေ ရှိနေတာပါ။ ပြည်တွင်းပွဲတွေအတွက် မသိသာလှပေမယ့်လို့ ချန်ပီယံလိဂ်ပြိုင်ပွဲ အဝေးကွင်း သွားရောက် ရင်ဆိုင်ချိန်မှာတော့ အခက်တွေ့မှုတွေ ရှိလာခဲ့ပြီဖြစ်ပါတယ်။

ချယ်ဆီးက ဒီအပတ်မှာ ပြင်သစ်ကလပ် လိုင်လီအသင်းနဲ့ ချန်ပီယံလိဂ်ပွဲ ကစားရဖို့ ရှိနေတာဖြစ်တယ်။ တူချယ်ကတော့ ခရီးထွက်ဖို့အတွက် အသင်းမှာ လေယာဉ်ရှိကြောင်း ထုတ်ပြောခဲ့ပြီး အကယ်လို့ လေကြောင်းက သွားလို့မရရင် ရထားနဲ့ဖြစ်စေ ကိုယ်တိုင် ကားမောင်းရသည်ဖြစ်စေ ရောက်အောက်သွားမယ်လို့ ဖွင့်ပြောခဲ့တယ်။

“ ကျနော် နောက်ဆုံး သိထားရတာကတော့ ကျနော်တို့မှာ လေယာဉ်တစ်ဦး ရှိတယ်ဆိုတာပါပဲ။ ကျနော်တို့ လေယာဉ်နဲ့ အသွားအပြန် လုပ်ခွင့်ရနိုင်ပါတယ်။ မဟုတ်ရင်တော့ ရထားရရင် ရထားနဲ့ သွားပါမယ်၊ ဘက်စ်ကားရရင် ဘက်စ်ကားနဲ့ သွားပါမယ်။ တစ်ခုမှ မရရင် ကျနော် ကိုယ်တိုင် ကားမောင်းပြီး သွားပါမယ်။

လွန်ခဲ့တဲ့ နှစ် ၂၀၊ နှစ် ၃၀ လောက်တုန်းက ကျနော်ကို ချန်ပီယံလိဂ်ပွဲတစ်ပွဲအတွက် နည်းပြလိုင်းကနေ ကွပ်ကဲခွင့်ရမယ်လို့ ပြောခဲ့ရင် ဘယ်နေရာ၊ ဘယ်အချိန်မှာ နည်းပြရသည်ဖြစ်စေ အဆင်ပြေတယ်၊ အဆင်သင့် ရှိနေစေရမယ်လို့ ပြန်ဖြေခဲ့မှာပါ ” လို့ တူချယ်က တုန့်ပြန်သွားတာ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ ပထမအကျော့ အိမ်ကွင်းမှာတုန်းက ဟာဗက်၊ ပူလီဆစ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ လိုင်လီကို ၂-၀ ဖြင့် အနိုင်ရထားတာပါ။ လက်ရှိ ဥရောပချန်ပီယံတွေဟာ ကွာတားအဆင့်ကို သေချာရေးအတွက် ဒုတိယအကျော့မှာ လိုင်လီကို ရလဒ်ကောင်းတစ်ခု ယူပြဖို့ စိတ်အားထက်သန်နေမှာဖြစ်တယ်။

အေဘရာမိုဗစ်ကို အရေးယူမှု နောက်ဆက်တွဲအဖြစ် ဘဏ်အကောင့်တွေ ပိတ်ခံထားရတဲ့ ချယ်ဆီးဟာ လက်ရှိမှာ ပရီးမီးယားလိဂ်ကရမယ့် ရုပ်သံ ထုတ်လွှင့်ကြေးနဲ့ ယူအီးအက်ဖ်အေ၊ အက်ဖ်အေတို့က ရရှိမယ့် ဆုကြေးငွေများကို သုံးစွဲခွင့်ရပြီ ဖြစ်ပါတယ်။ သို့ပေမယ့် လက်မှတ် ရောင်းချခွင့်တွေ ပိတ်ခံထားရဆဲပါပဲ။

ဒီအပတ် အစောပိုင်းမှာတင် ချယ်ဆီးရဲ့ လက်မှတ်ရောင်းခွင့်ပေးရေး တောင်းဆိုမှုကို ဗြိတိန်အစိုးရဘက်က နောက်တစ်ကြိမ် ကြည့်ရှုမှုတွေ ပြန်လုပ်ပေးမယ်လို့ မျှော်လင့်ရတယ်။ နှစ်ဘက်အဖွဲ့ဟာ ကြားခံအဖွဲ့ဖြစ်တဲ့ Raine Group နဲ့အတူ အသင်းကို ရောင်းချရေးကို အမြန်ဆုံး လုပ်နိုင်ဖို့ အာရုံစိုက်နေဆဲဖြစ်တယ်။