တရက်မှာတော့ ဘာပေးက ချန်ပီယံလိဂ်ဖလား ကိုင်မြောက်ခွင့်ရမှာပါလို့ ဘန်ဇီမာ အားပေး

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆ သင်း အဆင့်ကနေ ထွက်ခဲ့ရတာအတွက် ဘာပေးရဲ့ စိတ်ပျက်နေမှုကို နားလည်တယ်လို့ လက်ရွေးစင် အသင်းဖော် ဘန်ဇီမာက ပြောဆိုပါတယ်။

ဘာပေးဟာ နှစ်ကျော့လုံးမှာ ဂိုးတွေ သွင်းခဲ့ပေမယ့်လည်း ဘန်ဇီမာရဲ့ သွင်းဂိုးတွေက ပီအက်စ်ဂျီကို ချန်ပီယံလိဂ်ကနေ ထွက်ခွာစေခဲ့တာပါ။ ဝါရင့်တိုက်စစ်မှူးကြီးကတော့ ဘာပေးရဲ့ အသက်အရွယ်နဲ့ဆိုရင် အနာဂတ်မှာ ချန်ပီယံလိဂ်ဖလား အောင်မြင်ဖို့ အခွင့်အရေး ရှိနေသေးပြီး သူလုပ်နိုင်မှာပါလို့ ထောက်ခံသွားခဲ့တယ်။

‘ ပွဲအပြီးမှာ ဘာပေးက စိတ်ပျက်နေခဲ့တယ်။ ဒါက ပုံမှန်ပါပဲ။ သူက အမြဲတမ်း တောက်ပလိုနေတဲ့ ကစားသမားပါ။ ဒါပေမယ့် သူက ငယ်ရွယ်ပါသေးတယ်။ ချန်ပီယံလိဂ်ဖလားအတွက် ကြိုးစားဖို့ လုံလောက်တဲ့ အချိန် ရှိပါသေးတယ် ‘ လို့ ဘန်ဇီမာက ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဘန်ဇီမာဟာ ပီအက်စ်ဂျီကို အနိုင်ရတဲ့ပွဲမှာ hat-trick သွင်းယူနိုင်ခဲ့တာကြောင့် ဂန္တဝင်ကြီး ဒီစတီဖာနိုကို ကျော်ကာ ရီးရဲလ်မက်ဒရစ် သမိုင်းမှာ တတိယမြောက် သွင်းဂိုး အများဆုံး ကစားသမားအဖြစ် ရော်နယ်ဒိုနဲ့ ရာအူးနောက်ကို ရောက်လာခဲ့ပါတယ်။

အဲ့အတွက်လည်း ‘ ရီးရဲလ်မက်ဒရစ်အသင်း သမိုင်းမှာ တတိယမြောက် သွင်းဂိုးအများဆုံး ကစားသမား ဖြစ်လာရတာအတွက် ကျနော် ဂုဏ်ယူပါတယ်။ ဒါပေမယ့် ရပ်တန့်နေမှာ မဟုတ်ဘဲ ဂိုးတွေ ဆက်ပြီး သွင်းယူနေဦးမှာပါ။ ရီးရဲလ်မက်ဒရစ်က ပြိုင်ပွဲမှာ ဆက်ရှိနေခဲ့တယ်။ ကျနော်တို့ ဘယ်တော့မှ အရှုံးမပေးပါဘူး။ သိပ်ကောင်းတဲ့ ညအတွက် ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ် ‘ လို့ ဆိုသွားခဲ့ပါသေးတယ်။

ဘာပေးဟာ ဒီနွေမှာ ပီအက်စ်ဂျီနဲ့ စာချုပ်ကုန်မှာဖြစ်ကာ ရီးရဲလ်မက်ဒရစ်ကို အလွတ်ဖြင့် ပြောင်းရွှေ့မယ်လို့ သတင်းကြီးနေတာပါ။ ပြင်သစ်ကလပ်ကတော့ တစ်နှစ်ကို လုပ်ခ ပေါင် ၄၂ သိန်းနဲ့အတူ သူ့ကို ဆက်ထိန်းထားနိုင်ဖို့ ကြိုးစားနေသေးတာဖြစ်တယ်။

ရီးရဲလ်မက်ဒရစ်ကို အရေးနိမ့်အပြီး အသက် ၂၄ နှစ်အရွယ် တိုက်စစ်သမားရဲ့ အနာဂတ်အတွက် မေးခံရချိန်မှာ ပိုချက်တီနို ‘ အခုချိန်မှာ အဲ့အကြောင်း ဆွေးနွေးဖို့ မသင့်လျော်သေးဘူးဆိုတာ ရှင်းပါတယ်။ အခုက အဲ့အကြောင်းပြောဖို့ အချိန်မဟုတ်ပါဘူး။ ဒီညမှာ ကျနေ်ာတို့တွေ သိပ်ကို စိတ်ပျက်ရပါတယ် ‘ လို့ တုန့်ပြန်ခဲ့တာဖြစ်ပါတယ်။