လက်ရှိ ပီအက်စ်ဂျီအသင်း ဥရောပမှာ ဘယ်လိုမှ မအောင်မြင်ဘူးလို့ လီဗာပူးကြယ်ပွင့်ဟောင်း ပြော

ပီအက်စ်ဂျီအသင်းဟာ မန်နေဂျာအပြောင်းအလဲ ဘယ်လိုပဲ လုပ်နေပါစေ အသင်းအပေါ် ဂရုမစိုက်တဲ့ ကစားသမားတွေ များပြားနေသ၍ ဘယ်တော့မှ မအောင်မြင်ဘူးလို့ လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ် ကြယ်ပွင့်ဟောင်း စတိဗ် မက်မန်နာမန်းက ပြောပါတယ်။

လီဂူးဝမ်းကလပ်ဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ရီးရဲလ်မက်ဒရစ်ကို အရေးနိမ့်ပြီး ထွက်ခွာခဲ့ရပါပြီ။ မိနစ် ၃၀ အတွင်း ၃ ဂိုး ပေးလိုက်ရတဲ့ ပီအက်စ်ဂျီဟာ ခံစစ်ပိုင်း အမှားတွေနဲ့အတူ နောက်ဆုံး ၈ သင်းအဆင့်ကို မရောက်နိုင်တော့တာဖြစ်တယ်။

မက်ဆီ၊ ဘာပေး၊ နေမာတို့ တိုက်စစ်မှာ ရှိနေပေမယ့် ဒီရာသီမှာလည်း ပြင်သစ်ကလပ်ဟာ ချန်ပီယံလိဂ်ဖလား မျှော်လင့်ချက်ကို တစ်ခန်းရပ်ခဲ့ရပြန်တာဖြစ်တယ်။ မက်မန်နာမန်းကတော့ သိပ်ကို နာမည်ကြီးလှတဲ့ စတား ကစားသမားတွေကို ပီအက်စ်ဂျီက မထိန်းချုပ်နိုင်ခြင်းဟာ အခုလို ချန်ပီယံလိဂ်မှာ အောင်မြင်မှု မရခြင်းရဲ့ အဓိက အကြောင်းရင်းလို့ ဆိုပါတယ်။

မက်မန်နာမန်းက BT Sport ကနေပြီး ‘ ပီအက်စ်ဂျီ ကစားသမားတွေက သိပ်ကို အားကောင်းလွန်းနေတယ်။ သူတို့က သောမက်စ် တူချယ် လက်အောက်မှာ အားကောင်းတယ်၊ အူနိုင်း အမ်မရီ လက်ထက်မှာ အားကောင်းတယ်။ အခု ပိုချက်တီနို လက်အောက်မှာလည်း အားကောင်းလွန်းနေတယ်။

ဒီကစားသမားတွေက အပြောခံရသူတွေ မဟုတ်တော့ ခက်ခဲမှုတွေ ရင်ဆိုင်လာရချိန်မှာ သူတို့က ဂရုမစိုက်တော့ပါဘူး။ သူတို့က သူတို့ ကစားချင်တဲ့နေရာမှာ ကစားတယ်။ တိုက်စစ် သုံးယောက်က သိပ်ကောင်းတဲ့ ဘောလုံးသမားတွေပါ ဒါပေမယ့်လို့ သူတို့က မကြိုးစားဘူး၊ ခက်ခဲတဲ့ အချိန်မှာတောင် ကြိုးစားဖို့လည်း မလုပ်ဘူး ’ ဆိုကာ ဝေဖန်ခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်ကို အရေးနိမ့်ခြင်းအတွက် ပိုချက်တီနိုကို ဝေဖန်နေခြင်းထက် ပီအက်စ်ဂျီ မန်နေဂျာ အဆက်ဆက်ဟာ သူတို့ ကစားသမားတွေကို လွှမ်းမိုးနိုင်စွမ်း အားနည်းခြင်းကို လီဗာပူးနဲ့ ရီးရဲလ် ကစားသမားဟောင်းက ဆက်ပြီး ထောက်ပြပါတယ်။

‘ မန်နေဂျာကလည်း ဒီအသင်းကို ကိုင်တွယ်ဖို့ လွှမ်းမိုးမှု မရှိပါဘူး။ တိုက်စစ်သမားတွေကို ကိုင်တွယ်ဖို့ သူ့မှာ လွှမ်းမိုးနိုင်စွမ်း မရှိဘူး။ ဗာရက်တီ၊ မာကွီဟိုစ်တို့ကို ကိုင်တွယ်ဖို့လည်း အတူတူပါပဲ။ မန်နေဂျာတွေ အများကြီး ဝင်လာပေမယ့် သူတို့က ဒါတွေကို ကိုင်တွယ် ဖြေရှင်းနိုင်စွမ်း မရှိပါဘူး။

ဒီအပြောင်းအလဲတွေက ပီအက်စ်ဂျီအတွက် ကာလတို ဖြေရှင်းမှုပဲ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ကနေ ခပ်စောစော ထွက်ရရင် မန်နေဂျာတွေကို ထုတ်တယ်၊ ပိုနာမည်ကြီးတဲ့ ပိုကောင်းတဲ့ သူတွေကိုပဲ ခေါ်ဖို့လုပ်တယ်။

သောမက်စ် တူချယ်ကို လုပ်သလိုပေါ့။ သူက ဘယ်လောက်ကောင်းတဲ့ မန်နေဂျာလည်းဆိုတာ အားလုံးလည်း သိကြပါတယ်။ ဒါပေမယ့်လို့ နည်းလမ်းတွေ မပြောင်းသ၍ ဒီအသင်းနဲ့ ဘယ်သူကမှ လုပ်ပြနိုင်မှာ မဟုတ်ပါဘူး။ သူတို့မှာ ကစားသမားကောင်းတွေ ရှိပေမယ့် အခက်အခဲ ရင်ဆိုင်လာရချိန်မှာ ကြိုးစားပေးမယ့် သူမရှိတာကြောင့် အခွင့်အရေး မရှိလှပါဘူး ’ ဆက်ပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။