ရီးရဲလ်ကို အရေးနိမ့်ပြီးနောက် ဒိုင်လူကြီးခန်းထဲ ဝင်ပြီး ပေါက်ကွဲ သောင်းကျန်းတဲ့ PSG ဥက္ကဋ္ဌ

ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ပီအက်စ်ဂျီက ရီးရဲလ်မက်ဒရစ်ကို နှစ်ကျော့ပေါင်း ၃-၂ ဖြင့် အရေးနိမ့်ခဲ့တဲ့နောက် ပြင်သစ်ကလပ် ဥက္ကဋ္ဌ အယ်လ်ခါလိုင်ဖီဟာ ဒေါသတကြီး ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီ ဥက္ကဋ္ဌက ယူအီးအက်ဖ်အေ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ဟာ သူတို့အသင်းကို နစ်နာစေခဲ့တယ်လို့ ယုံကြည်ခဲ့တာပါ။ ဒါကြောင့် ပွဲအပြီးမှာတော့ ဒိုင်လူကြီး အဝတ်လဲခန်းထဲကို ဒေါသကြီးစွာဖြင့် ဝင်ရောက်ခဲ့ပြီး ပေါက်ခွဲမှုတွေလို ကိစ္စတွေကို ပြုလုပ်သွားခဲ့တယ်လို့ သိရပါတယ်။

ပထမအကျော့မှာ ပီအက်စ်ဂျီက ၁-၀ ဖြင့် အနိုင်ရခဲ့ပြီး ဒုတိယအကျော့မှာလည်း ဘာပေးကပဲ ဦးဆောင်ဂိုး ထပ်သွင်းခဲ့တာပါ။ ဒုတိယပိုင်းမှာ ဘန်ဇီမာရဲ့ hat-trick က ရီးရဲလ်မက်ဒရစ်ကို ကွာတားဖိုင်နယ် အဆင့်ထံ ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

ဘန်ဇီမာရဲ့ ပထမဆုံး သွင်းဂိုးဟာ ဂိုးသမား ဒွန်နာရူမာကို ပြစ်ဒဏ်လုပ်ခဲ့တာကြောင့် ပယ်ဖျက်ခံရသင့်ပေမယ့်လို့ ဂိုးပေးခဲ့ရတာလို့ ပီအက်စ်ဂျီဘက်က ယူဆခဲ့တယ်။

ဒိုင်လူကြီးရဲ့ အစီရင်မှုမှာတော့ ” ပြင်သစ်ကလပ် အကြီးအကဲဖြစ်တဲ့ အယ်လ်ခါလိုင်ဖီဟာ ဒေါသကြီးစွာဖြင့် ဒိုင်လူကြီး အဝတ်လဲခန်းထဲ ဝင်ရောက်ဖို့ ကြိုးစားခဲ့တယ်။ ဒိုင်လူကြီးဘက်က ပီအက်စ်ဂျီတာဝန်ရှိသူတွေကို ထွက်သွားဖို့ ပြောချိန်မှာ အကြီးအကဲက ပစ္စည်းတစ်ခုခုကို ကန်ခဲ့ပြီး ကျကွဲခဲ့တယ် ” လို့ ဖော်ပြထားပါတယ်။

အယ်လ်ခါလိုင်ဖီရဲ့ အပြုအမှုကို ရီးရဲလ်မက်ဒရစ် ဝန်ထမ်းတွေက မှတ်တမ်းတင်ထားခဲ့ပြီး အဆိုပါ ဗီဒီယိုကို ယူအီးအက်ဖ်အေဘက်က ဖြစ်ရပ်ကို စုံစမ်း စစ်ဆေးမှုမှာ ကြားနာဖို့ တင်ပြသွားဖွယ် ရှိတယ်လို့ သိရပါတယ်။

ပြင်သစ်ကလပ်ရဲ့ ဒါရိုက်တာ လီယိုနာဒိုက ပြောရာမှာ ” ဒွန်နာရူမာအပေါ် ဆုံးဖြတ်ချက်က မမျှတပါဘူး။ ပြစ်ဒဏ် ကျူးလွန်တာက ရှင်းလင်းပါတယ်။ VAR နဲ့ မဆွေးနွေးဘူးဆိုတာက မဖြစ်နိုင်တာပါ။ ကျနော် ဆင်ခြေပေးနေတာ မဟုတ်ပါဘူး။ ကျနော် မြင်ခဲ့သလို အားလုံးလည်း မြင်ကြပါတယ် ” လို့ ဖြစ်ပါတယ်။

ပီအက်စ်ဂျီဟာ ဒီရာသီမှာ မက်ဆီ အပါအဝင် ကစားသမားကောင်း များစွာကို ခေါ်ယူအားဖြည့်ထားတာပါ။ အခုလို ရီးရဲလ်မက်ဒရစ်ကို အရေးနိမ့်ခဲ့ခြင်းဟာ ကလပ်ရဲ့ ကြယ်ပွင့် ဘာပေးကို ဆက်ထိန်းရေးမှာလည်း ထိခိုက်မှု ရှိမယ့် အနေအထားလို့ သုံးသပ်နေကြတာဖြစ်ပါတယ်။