မက်ဆီကို ဖြုတ်ထားခဲ့တဲ့ နာဆရီရဲ့ ရီးရဲလ်၊ ပီအက်စ်ဂျီ နှစ်သင်းပေါင်း အကောင်းဆုံး ပွဲထွက် ၁၁ ဦး

ပြင်သစ်ကွင်းလယ် ကစားသမားဟောင်း နာဆရီက ဒီကနေ့ည ယှဉ်ပြိုင်ကစားမယ့် ပီအက်စ်ဂျီနဲ ရီးရဲလ်မက်ဒရစ်ပွဲအတွက် နှစ်သင်းပေါင်း အကောင်းဆုံး ပွဲထွက် ၁၁ ဦးစာရင်းကို ရွေးချယ်ရာမှာ မက်ဆီကို ချန်လှပ်ခဲ့ပါတယ်။

ဥရောပထိပ်သီး ကလပ်နှစ်သင်းမှ အကောင်းဆုံး ခြေစွမ်းတွေရနေတဲ့ ကစားသမားတွေနဲ့ ပွဲထွက် ၁၁ ဦးကို ရွေးချယ်ခြင်းဖြစ်ပြီး နယ်မြေသစ်မှာ ရုန်းကန်နေရတဲ့ မက်ဆီကို နာဆရီက ဖယ်ထုတ်ထားခဲ့တာဖြစ်တယ်။ ပထမအကျော့တုန်းက မက်ဆီဟာ ပင်နယ်တီ ကန်ခွင့်ရခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ် ဂိုးသမား ကော်တွိုက်စ်က ကာကွယ်သွားခဲ့ပါသေးတယ်။

ပြင်သစ်သတင်းဌာန L’Equipe နဲ့ အင်တာဗျူးမှာ ဒီလူစာရင်းကို နာဆရီက ရွေးချယ်ခဲ့တာဖြစ်တယ်။ သူကတော့ အကောင်းဆုံး ၁၁ ဦးအတွက် တိုက်စစ် ၃ ယောက်တန်းမှာ မက်ဆီအစား ဘာပေးနဲ့ နေမာကို ရီးရဲလ်မက်ဒရစ်မှ ဘန်ဇီမာနဲ့အတူ ရွေးချယ်သွားခဲ့ပါတယ်။

ဒါ့အပြင် ပြင်သစ်မီဒီယာဖြစ်တဲ့ Canal+ မှာ သုံးသပ်သူအဖြစ် အလုပ်လုပ်နေတဲ့ နာဆရီကပဲ လက်ရှိ ဘောလုံးလောကရဲ့ အကောင်းဆုံး နံပါတ် ၉ နေရာမှာ ဘန်ဇီမာနဲ့ လီဝန်ဒေါစကီး နှစ်ဦး ပူးတွဲရပ်တည်နေတယ်လို့လည်း မှတ်ချက်ပေးခဲ့သေးတာဖြစ်တယ်။

SAMIR NASRI’S REAL MADRID/PSG XI

Real Madrid/PSG XI (4-3-3): Donnarumma; Hakimi, Marquinhos, Kimpembe, Alaba; Modric, Kroos, Verratti; Mbappe, Benzema, Neymar.

နာဆရီက ဘာပေးက အကောင်းဆုံးဖြစ်ကြောင်းကို ‘ ဒီအခြေအနေမှာ ကမ္ဘာအကောင်းဆုံး ကစားသမားကတော့ ဘာပေးပါပဲ။ သူပါချိန်နဲ့ မပါချိန်မှာ ပီအက်စ်ဂျီရဲ့ ပွဲတွေက လုံးဝကို ကွာခြားပါတယ်။ ကျနေ်ာတို့က မက်ဆီ၊ နေမာနဲ့ ဒီမာရီယာတို့ ရှိနေတဲ့ ကလပ်အသင်း အကြောင်းကို ပြောနေကြတာ ဖြစ်ပါတယ် ‘ လို့ ဆိုခဲ့တယ်။

သူ့ရဲ့ အကောင်းဆုံးအသင်းမှာ မက်ဆီကို ချန်ပြီး လက်ရွေးစင်အသင်းဖော်ဟောင်း ဘန်ဇီမာကို ရွေးချယ်ခြင်းအတွက်ကိုလည်း ‘ ဘန်ဇီမာက ငယ်ရွယ်စဉ်ကထက် ပိုကောင်းလာပါတယ်။ နံပါတ် ၉ နေရာမှာ သူနဲ့ တန်းတူကစားသမားက လီဝန်ဒေါစကီးပဲ ရှိပါတယ်။ အခြား ဘယ်သူကမှ သူ့နဲ့ လယ်ဗယ်တူမှာ မထိုင်နိုင်ပါဘူး ‘ လို့ ဆိုခဲ့တာဖြစ်ပါတယ်။

နာဆရီကတော့ ဒီရာသီမှာ တောက်ပနေတဲ့ ဗင်နီးဆီးရက်စ်ထက် နေမာကို ရွေးချယ်ခဲ့ပေမယ့် ရီးရဲလ်စတားက အတော်လေး တောက်ပနေတယ်လို့ ဝန်ခံခဲ့တယ်။ ဂိုးသမားနေရာအတွက်တော့ ကော်တွိုက်စ်ကို ကျော်ပြီး ဒွန်နာရူးမာကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။