မန်စီးတီး အပါအဝင် ချန်ပီယံလိဂ် အနိုင်ရဖို့ ရေပန်းအစားဆုံး ကလပ် နှစ်သင်းကို မိုက်ကယ်အိုဝင် ရွေးထုတ်

လီဗာပူးဟာ အန်ဖီးကွင်းမှာ အင်တာမီလန်ကို ၁-၀ ဖြင့် အရေးနိမ့်ခဲ့ပေမယ့်လို့ ဆန်စီရိုက ပထမအကျော့မှာ ၂-၀ နဲ့ အနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်း ၂-၁ ဆိုတဲ့ ရလဒ်နဲ့အတူ ကွာတားဖိုင်နယ်ကို ခြေချနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

မနက်တုန်းကပဲ ဘိုင်ယန်မြူးနစ်ဟာလည်း အိမ်ကွင်းမှာ ဆဲလ်ဘတ်ကို ၇-၁ ဖြင့် အနိုင်ရပြီး နှစ်ကျော့ပေါင်း ၈-၂ ဆိုတဲ့ ရလဒ်နဲ့ ကွာတာဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်တယ်။ ဒီပွဲမှာ လီဝန်ဒေါစကီးဟာ hat-trick က ရယူနိုင်ခဲ့သေးတာပါ။

ပရီးမီးယားလိဂ်ကလပ် မန်စီးတီးကလည်း ပထမအကျော့မှာ စပို့တင်းကို ၅-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်ကို တက်ရောက်ဖို့ သေချာသလောက်ဖြစ်နေပါတယ်။ တိုက်စစ်မှူးဟောင်း အိုဝင်ကတော့ ဒီရာသီ ချန်ပီယံလိဂ်ဖလားကို လီဗာပူးနဲ့ မန်စီးတီးထဲက တစ်သင်းသင်းက အနိုင်ရလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

“ အင်္ဂလန်တစ်သင်းသင်းက ဥရောပဖလား အောင်မြင်ဖို့အပြင် မရှိဘူးလို့ ရာသီအစမှာ ကျွန်တော် ပြောခဲ့ပါတယ်။ ရိုးရိုးသားသားပြောရရင် လီဗာပူး ဒါမှမဟုတ် မန်စီးတီးကို ကျော်ပြီး ဥရောပဖလား ရနိုင်တဲ့ တခြားအသင်း မရှိပါဘူး။

အရင်နေ့က ချန်ပီယံအသင်း လောင်းကြေးတွေကို ကြည့်လိုက်တော့ ဘိုင်ယန်မြူးနစ်က ဒုတိယ ရေပန်းအစားဆုံးဖြစ်နေတာက ကျွန်တော့်ကို ရှော့ခ်ရစေခဲ့ပါတယ်။ အဲ့ဒါ ဘယ်လိုဖြစ်လို့လဲဆိုတာ ကျွန်တော် သေချာမသိဘူး။

လီဗာပူး၊ ဒါမှမဟုတ် မန်စီးတီးတို့က နှစ်သင်းကတော့ ခေါင်းပန်းလှည့်သလိုပါပဲ။ သူတို့တွေ သိပ်ကို အဆင့်အတန်းချင်း နီးစပ်ကြတယ်။ ခရီးဆုံးရောက်ဖို့ အဝေးကြီး လိုသေးပေမယ့် ကျွန်တော့်အတွက်တော့ ဒီနှစ်သင်းထဲက တစ်သင်းသင်းက ဖလားရမှာ သေချာတယ် ” လို့ အိုဝင်က ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီရာသီမှာ လီဗာပူးအသင်းဟာ ဆုဖလား ၄ လုံး အောင်မြင်နိုင်တဲ့ ကလပ်အဖြစ် ရပ်တည်နေတာပါ။ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ မန်စီးတီးနောက် ၆ မှတ်အကွာမှာရှိနေပြီး အက်ဖ်အေဖလားမှာ ကွာတားဖိုင်နယ်၊ ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ် အဆင့်တွေကို ရောက်ရှိနေတာဖြစ်ပါတယ်။