နှစ်ကျော့ပေါင်းမှာ အင်တာမီလန်က လီဗာပူးထက် ပိုကောင်းတယ် သုံးသပ်သွားတဲ့ ဖာဒီနန်

ရီယို ဖာဒီနန်က ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲအဖြစ် လီဗာပူးနဲ့ အင်တာမီလန်ပွဲမှာ အင်တာမီလန်ရဲ့ ကစားပုံကို အတော်လေး အထင်ကြီးနေခဲ့ပါတယ်။

အန်ဖီးကွင်းမှာ အင်တာမီလန်က ၁-၀ ဖြင့် အနိုင်ရပေမယ့်လို့ ဆန်စီယိုမှာ လီဗာပူးအသင်းက ၂-၀ ဖြင့် အနိုင်ရခဲ့တာကြောင့် ကွာတားဖိုင်နယ်ကို အင်္ဂလန်ကလပ်က တက်ရောက်သွားခဲ့တယ်။ ဖာဒီနန်ကတော့ နှစ်ကျော့ပေါင်း စွမ်းဆောင်ရည်မှာ အင်တာမီလန်က ပိုသာခဲ့ပြီး တိုက်စစ်ပိုင်း လိုအပ်ချက်ကြောင့် ထွက်ခွာခဲ့ရတာလို့ မြင်ပါတယ်။

ဒီပွဲမှာ အင်တာမီလန်က ၁-၀ ဖြင့် အနိုင်ရနေစဉ် တိုက်စစ်မြင့်လာတော့မယ့် ယူဆရချိန်မှာမှ ဆန်းချက်စ်ဟာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။ သူဟာ ပထမပိုင်းမှာ သီယာဂိုကို ဖျက်ထုတ်ပုံ ကြမ်းခဲ့ပေမယ့် ကံကောင်းခဲ့တာကြောင့် အဝါပဲရခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတယ်။

ဆန်းချက်စ် ထုတ်ပယ်ခံလိုက်ရတာကပဲ အင်တာမီလန်ရဲ့ မျှော်လင့်ချက်ကို အဆုံးသတ်သွားစေတယ်လို့ ဖာဒီနန်က ဆိုပါတယ်။

‘ ဆန်းချက်စ် ထုတ်ခံရတာက အင်တာမီလန်ရဲ့ မျှော်လင့်ချက်ကို အဆုံးသတ်စေခဲ့တယ်လို့ ထင်ပါတယ်။ ဒီပွဲမှာ ပြန်တုန့်ပြန်နိုင်ဖို့ အင်တာမီလန်က အကောင်းဆုံး လုပ်ခဲ့ပါတယ်။ နှစ်ကျော့ပေါင်းမှာ နှစ်သင်းထဲက အင်တာမီလန်တို့ ပိုကောင်းကောင်း ကစားခဲ့တယ်လို့ ထင်ပါတယ်။

သူတို့က တိုက်စစ်ပိုင်း မထက်မြက်ခဲ့ဘူး။ အဲ့အပိုင်းမှာ အားနည်းခဲ့တယ်လို့ ထင်ပါတယ် သူတို့ ဘောလုံးကို အဆုံးသတ်ကောင်းကောင်း ကစားနိုင်ရင် သူတို့အသင်းက တကယ်ကို ပြဿနာကြီးပါ။ ဒုတိယပိုင်းမှာ သွင်းဂိုး မရခင် အင်တာမီလန် ကစားခဲ့တာက အတော်လေး ကောင်းခဲ့ပါတယ်။

သွင်းဂိုးပေးလိုက်ရတော့ အန်ဖီးက တိတ်ဆိတ်သွားပြီး လီဗာပူးအသင်းအတွက် တကယ်ကို တိုက်ပွဲကြီးတစ်ပွဲဖြစ်တော့မယ်လို့ ထင်ခဲ့ကြတာပါ။ အဲ့နောက် မိနစ်ပိုင်းအကြာ အနီကဒ် ပြသခံလိုက်ရတာက အင်တာမီလန်ရဲ့ မျှော်လင့်ချက်ကို အဆုံးသတ်သွားစေခဲ့ပါတယ် ’ လို့ ဖာဒီနန်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒီပွဲ အရေးနိမ့်တာကြောင့် လီဗာပူးအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ ရာနှုန်းပြည့် နိုင်ပွဲရနေမှု စံချိန်ကောင်း ကျိုးပျက်ခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့်လို့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့ပြီဖြစ်ကာ ဒီအဆင့်မှာတော့ အင်္ဂလန်အသင်းချင်း ထိပ်တိုက်တွေ့မှုတွေ ပါဝင်ခွင့် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။