ရုရှားကို ခုခံစစ်ဆင်နွဲနေရင်း ယူကရိန်းကလပ် ရှက်တာဒိုးနတ်အသင်း နည်းပြတစ်ဦး ကျဆုံး

ယူကရိန်းကလပ် ရှက်တာဒိုးနတ်အသင်းရဲ့ လူငယ်နည်းပြတစ်ဦးဟာ ယူကရိန်းနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ကာကွယ်ရင်း အသက်ပေးခဲ့ရပြီဖြစ်ကြောင်း ကလပ်က အတည်ပြုခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ ပြီးခဲ့တဲ့အပတ် ကြာသပတေးနေ့က အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်စစ်ဆင်ဖို့ သူ့စစ်တပ်ကို အမိန့်ပေးခဲ့ပြီး ဥရောပမှာ သွေးချောင်းစီးတဲ့ စစ်ပွဲတစ်ပွဲ စတင်သွားခဲ့တာ ဖြစ်ပါတယ်။

ရှက်တာ စီအီးအို ဆာဟီ ပယ်ကင်က နည်းပြဖြစ်သူရဲ့ အမည်ကို ထုတ်မပြောဘဲ ‘ကလေးတွေရဲ့ နည်းပြ’ လို့ပဲ သုံးနှုန်းခဲ့တယ်။ “ကျွန်တော်တို့ရဲ့ ဝန်ထမ်းတစ်ယောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။ သူက ကလေးတွေရဲ့ နည်းပြတစ်ယောက်ပါ။ သူဟာ ရုရှား ကျည်ဆန်တစ်ခုရဲ့ အပိုင်းအစ ထိမှန်ခဲ့တာပါ”လို့ ပယ်ကင်က အတည်ပြုခဲ့ပါတယ်။

ဒီသတင်းမတိုင်ခင် အရင် ၂ ရက်ကလည်း ယူကရိန်း ဘောလုံးသမားနှစ်ဦးဟာ စစ်ပွဲအတွင်း သေဆုံးခဲ့ပါသေးတယ်။ “ ကျွန်တော်တို့ရဲ့ အတွေးတွေက ယူကရိန်း ဘောလုံးသမား နှစ်ဦးဖြစ်တဲ့ ဆာပိုင်လို၊ မာတိုင်နင်ကိုတို့ရဲ့ အသင်းဖော်တွေ၊ မိသားစု၊ သူငယ်ချင်းတွေနဲ့ ထပ်တူပါပဲ။ သူတို့ နှစ်ဦးလုံး အေးချမ်းစွာ အနားယူနိုင်ပါစေ”လို့ FIFPRO က ထုတ်ပြန်ပေးခဲ့ပါတယ်။

ပယ်ကင်ဟာ လက်တလော ပဋိပက္ခကို ရှုတ်ချကြောင်း ပြီးခဲ့တဲ့ စနေနေ့က ရှက်တာရဲ့ ဝဘ်ဆိုက်ကနေ ထုတ်ပြန်ခဲ့ပြီး ယူကရိန်းဟာ အချုပ်အခြာအာဏာ တည်တံ့တဲ့ နိုင်ငံတစ်ခုအဖြစ် ရှိနေဦးမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

“နိုင်ငံအတွင်းမှာ စစ်ပွဲတစ်ခု ဖြစ်နေပါတယ်။ ရရှားဟာ ယူကရိန်းအပေါ် အတော်လေး ကြီးမားများပြားတဲ့ အတိုင်းအတာနဲ့ ကျူးကျော်ခဲ့ပါတယ်။ လူတွေ သေနေကြတယ်။ ဘာတွေဖြစ်နေလဲဆိုတာ စကားလုံးတွေနဲ့ ဖော်ပြလို့ မရပါဘူး။ ကမ္ဘာ့အဖွဲ့အစည်းအနေနဲ့ ဒါကို မြန်မြန် ရပ်တန့်ပစ်ရမှာပါ။

ကျွန်တော်တို့ ကစားခဲ့ဖူးတဲ့ ကလပ်တွေ၊ ဥရောပရဲ့ ထိပ်တန်းအသင်းအများစု၊ ပရိသတ် သန်းပေါင်းများစွာ အနေနဲ့ သူတို့တတ်နိုင်တဲ့ အဆင့်မှာ ယူကရိန်းကို အားပေးထောက်ခံကြဖို့ ကျွန်တော် တိုက်တွန်းပါတယ်။ ဒီစစ်ပွဲဟာ ဒီနေ့ ဥရောပ နေရာအားလုံးအပေါ် သက်ရောက်စေပါတယ်။ တပ်ထဲ ဝင်ရောက်ပူးပေါင်းမှပဲ ဒီအရှုပ်ကို ကျွန်တော်တို့ ကျော်ဖြတ်နိုင်မှာပါ။

ကျွန်တော်တို့ အားလုံးအတူတူ ပူးပေါင်းပြီး အနိုင်ရရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော် ရှက်တာနဲ့အတူ တောက်ပတဲ့ အခိုက်အတန့်များစွာကို တွေ့ဆုံခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော့်ဘဝမှာ အကြီးမားဆုံး နိုင်ပွဲက ယူကရိန်းရဲ့ လွတ်လပ်ရေးအတွက် ဒီတိုက်ပွဲကို အနိုင်ရဖို့ပဲ ဖြစ်မှာပါ။

ကလပ်ရဲ့ အခြေအနေနဲ့ ပတ်သက်ရင် ကျွန်တော် ကိဗ်မှာပါ။ ကစားသမားတွေနဲ့ နည်းပြအများစုက သူတို့မိသားစုတွေနဲ့အတူ ကိဗ်မှာ ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ ပြည်ပကစားသမားတွေနဲ့ သူတို့မိသားစုတွေကို ဘေးကင်းစေဖို့ နည်းလမ်းတွေရှာဖွေဖို့ ကြိုးစားနေပါတယ်။

ကျွန်တော်တို့ အတွင်းမှာ ဆက်သွယ်မှုတွေ ထိန်းသိမ်းထားဖို့၊ သတင်းအချက်အလက်တွေ ဖလှယ်ဖို့၊ တစ်ယောက်နဲ့တစ်ယောက် ထောက်ပံ့ပေးဖို့ ကြိုးစားသွားမှာပါ။ အခုတလော ကျွန်တော်တို့ရဲ့ အတွေးတွေအားလုံးက ဒီ ရူးမိုက်တဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ပါပဲ။

ယူကရိန်း စစ်သားတွေ၊ ကျွန်တော်တို့ နိုင်ငံကို ကာကွယ်ပေးနေတဲ့ သူတွေအတွက် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနဲ့ လွတ်လပ်ရေးက အရေးကြီးပါတယ်။ ကျွန်တော်တို့အားလုံး အတူတူ အောင်မြင်လိမ့်မယ်လို့ ယုံကြည်ပါတယ် ” လို့ ပယ်ကင်က ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။

ရှက်တာဟာ ယူကရိန်းရဲ့ အအောင်မြင်ဆုံး ကလပ်တစ်ခုဖြစ်ပြီး လိဂ်ဖလား ၁၃ ကြိမ်၊ ယူကရိန်းဖလား ၁၃ ကြိမ်၊ ယူကရိန်း စူပါဖလား ၉ ကြိမ်နဲ့ ဥရောပဖလားတို့ကို အောင်မြင်ခဲ့တာပါ။

ရုရှားရဲ့ ကျူးကျော်မှုကြောင့် ယူကရိန်း ပရီးမီးယားလိဂ်ဟာ လက်ရှိမှာ ရပ်နားထားရပါတယ်။ ရှက်တာကတော့ အမှတ်ပေးဇယားမှာ လက်ရှိချန်ပီယံ ဒိုင်နမိုကိဗ်နဲ့ ၂ မှတ်အကွာမှာ ဦးဆောင်နေတာ ဖြစ်ပါတယ်။