၂၀၂၄ မှာ စတင်ပြီး လက်ရှိ ချန်ပီယံလိဂ်နဲ့ ကွဲပြားမယ့် အမှတ်ပေးလိဂ်ပုံစံ ချန်ပီယံလိဂ် ပြိုင်ပွဲသစ်

ယူအီးအက်ဖ်အေ အကြီးအကဲ ဆီဖာရင်က တစ်ကျော့ပြန်လာဖွယ် ရှိနေတဲ့ စူပါလိဂ်ပြိုင်ပွဲကို ဆန့်ကျင့်မယ့်အကြောင်း ထုတ်ပြောလာတဲ့နောက်မှာ ၎င်းတို့ ဦးဆောင်ကျင်းပနေတဲ့ ချန်ပီယံလိဂ်အပေါ် ဝေဖန် သုံးသပ်မှုတွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

မနှစ်တုန်းက ကြေညာခဲ့တဲ့ ဥရောပစူပါလိဂ်ဟာ တည်ထောင်သူ ကလပ် ၁၂ သင်းအပြင် ၎င်းတို့က ဖိတ်ခေါ်မယ့် ကလပ်တွေနဲ့ ယှဉ်ပြိုင်မယ့် ထိပ်တန်းအဆင့် ပြိုင်ပွဲတစ်ရပ်ဖြစ်ပါတယ်။ ဆုကြေးပေးချေမှုမှာ လက်ရှိ ချန်ပီယံလိဂ်ထက် အများကြီး ကွာခြားလှပေမယ့်လို့ ဥရောပ အသင်းငယ်တွေ ဝင်ပြိုင်ဖို့ အိပ်မက်တောင် မမက်နိုင်တာကြောင့် မမျှတတဲ့ ပြိုင်ပွဲတစ်ရပ်အဖြစ် ဘောလုံးပရိသတ်တွေ ဝေဖန်ခဲ့ကြတာပါ။

လာမယ့် အပတ်တွေအတွင်း စူပါလိဂ်ကို ကွဲပြားတဲ့ ကျင်းပပုံဖြင့် ပြန်လည် ကြေညာမယ်လို့ သတင်းတွေ ထွက်နေခဲ့တာဖြစ်တယ်။ စူပါလိဂ်ကို သဘောမကျတဲ့ ပရော်ဖက်ရှင်နယ် ကစားသမားတွေ ကိုယ်တိုင်က အဆိုပါပြိုင်ပွဲကို ဆန့်ကျင်ခြင်းကြောင့် ပွဲဖြစ်မြောက်ရေး ရပ်တန့်ခဲ့ပေမယ့် တကယ်တမ်းမှာ ယူအီးအက်ဖ်အေကလည်း ချန်ပီယံလိဂ်ကို ပုံစံပြောင်း ကျင်းပတော့မှာဖြစ်ပါတယ်။

စူပါလိဂ်ကို အမြန်ကြေညာရခြင်းက ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှာ စတင်တော့မယ့် ချန်ပီယံလိဂ် ပြိုင်ပွဲ ပုံစံသစ်ကို သဘောမကျခြင်းကြောင့် ပြိုင်ပွဲ စည်းမျဉ်းသစ် မကြေညာခင် တစ်ရက်အလိုမှာ စူပါလိဂ်ကို မိတ်ဆက်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီတော့ မကြာခင်မျာ စတင်တော့မယ့် ချန်ပီယံလိဂ် ပုံစံသစ်ဆိုတာ ဘာလဲဆိုတာကို ချိန်ဆကြည့်ဖို့ ဖော်ပြမှာဖြစ်ပါတယ်။

၂၀၂၄-၂၀၂၅ မှာ စတင်မယ့် ချန်ပီယံလိဂ် ပုံစံသစ်

ပုံမှန်အားဖြင့် ချန်ပီယံလိဂ်မှာ ၃၂ သင်း ယှဉ်ပြိုင်ကြတာဖြစ်ပေမယ့် ပုံစံသစ်မှာတော့ ၃၆ သင်း ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ အကြီးမားဆုံး အပြောင်းအလဲကတော့ ယခင်က အုပ်စုအဆင့်ကို ၄ သင်းပါ ၈ အုပ်စုခွဲပြီး ယှဉ်ပြိုင်ခဲ့ရာက ပုံစံသစ်မှာတော့ အမှတ်ပေးလိဂ်ပြိုင်ပွဲပုံစံကို ၃၆ သင်းလုံး ပါဝင် ယှဉ်ပြိုင်ရမှာပါ။

ကလပ်တွေဟာ မဲနိုက်ရမှာဖြစ်ပြီး မတူညီတဲ့ ပြိုင်ဘက် ၁၀ သင်းကို တစ်ကျော့တည်း ပုံစံမှာ အိမ်ကွင်း ၅ ပွဲ၊ အဝေးကွင်း ၅ ပွဲ ယှဉ်ပြိုင်ရမှာဖြစ်ကာ စနစ်ဟောင်းထက် ၄ ပွဲ ပိုများသွားမှာဖြစ်ပါတယ်။

ပွဲစဉ် ၁၀ ပွဲအပြီးမှာ အမှတ်ပေးဇယား ထိပ်ဆုံး ၈ သင်းဟာ ၁၆ သင်းအဆင့် ရံှူးထွက်အဆင့်ကို အလိုအလျောက် တက်ရောက်ခွင့်ရမှာဖြစ်တယ်။ အဆင့် ၉ ကနေ အဆင့် ၂၄ အထိ ကလပ် ၁၆ သင်းကတော့ နှစ်ကျော့စနစ် ကစားကာ အနိုင်ရအသင်း ၈ သင်းက ၁၆ သင်းအဆင့် ရံှူးထွက်ကို တက်ရောက်မှာဖြစ်တယ်။ ပြီးရင်တော့ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲ အဆင့်တွေဖြစ်ပါတယ်။

ပွဲစဉ်တွေကို လက်ရှိ ချန်ပီယံလိဂ်လိုပဲ ကြားရက်တွေမှာ ယှဉ်ပြိုင်ရမှာဖြစ်ကာ ပွဲပေါင်း ၁၀၀ ဝန်းကျင်ထိ ပိုများလာတဲ့ ပွဲစဉ်တွေအရ ကလပ်တွေဟာ ပွဲပိုပန်းလာဖို့ရှိပြီး ကစားသမားတွေရဲ့ ကြံ့ခိုင်မှုပိုင်းအတွက် မေးခွန်းတွေတော့ ရှိနေဆဲဖြစ်ပါတယ်။