စူပါလိဂ် ပြန်အသက်သွင်းတော့မယ့် ကလပ်တွေကို ချန်ပီယံလိဂ်ကနေ ထုတ်မယ်လို့ သတိပေး

အလက်ဇန္ဒာား ဆီဖာရင်က ယူအီးအက်ဖ်အေကနေ ခွဲထွက်မယ့် စူပါလိဂ်ကို တစ်ကျော့ပြန် စတင်ဖို့ ကြိုးစားနေခြင်းတွေကို ဝေဖန်လိုက်သလို ပြိုင်ပွဲ စတင်တာနဲ့ ယူအီးအက်ဖ်အေ လက်အောက်က ပြိုင်ပွဲတွေမှာ ပါဝင်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ထုတ်ပြောလာပါတယ်။

လက်တလောမှာ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာနဲ့ ဂျူဗင်တပ်အသင်းတို့ ဆက်ရှိနေတဲ့ စူပါလိဂ်ကို မနှစ်တုန်းကတော့ အင်္ဂလန် ကြီး ၆ ကြီး အပါအဝင် ဥရောပ ထိပ်တန်းကလပ် (၁၂) သင်းတို့ ပူးပေါင်းပြီး ကြေညာခဲ့တာပါ။ ပရိသတ်တွေ ဆန့်ကျင်ခြင်းကြောင့် ရပ်နားခဲ့ပေမယ့် လက်ရှိ အချိန်ထိ ပြိုင်ပွဲ ကျင်းပရေးအတွက် ကြိုးစားမှုတွေ ရှိနေဆဲဖြစ်ပါတယ်။

မကြာခင်မှာ စူပါလိဂ်ကို စတင်ဖို့ ပြန်လည် ကြေညာမှာဖြစ်ပြီး ဒါဟာ ၂၀၂၄ ခုနှစ်မှာ စတင်မယ့် ယူအီးအက်ဖ်အေရဲ့ ဆွစ်မော်ဒယ် ချန်ပီယံလိဂ်ပြိုင်ပွဲကို ဆန့်ကျင်ပြီး ဥရောပအဆင့် ပြိုင်ပွဲကြီးတစ်ရပ်ကို ခြေလှမ်းပြင်ခြင်း ဖြစ်လာဖို့ ရှိနေတာဖြစ်ပါတယ်။

” စူပါလိဂ်အကြောင်း ပြောနေတဲ့ သူတွေက ဘောလုံးအကြောင်းကို ပြောနေကြတာ မဟုတ်ပါဘူး။ ဒီဘောလုံးပရော်ဂျက် မဟုတ်တဲ့ ကိစ္စအကြောင်းကို လိုက်ပြောနေရတာကို စိတ်ကုန်နေပါပြီ။

ပထမအကြိမ် ဒီအဓိပ္ပာယ်မရှိလှတဲ့ ပရော်ဂျက်ကို ကိုဗစ်ကပ်ဘေး ကာလ အလယ်ကြီးမှာ ချပြခဲ့တယ်။ အခုတစ်ကြိမ် စစ်ဘေးကြားမှာ ဒီပရော်ဂျက်ကို နောက်တစ်ကြိမ် ချပြဖို့ အစီအစဉ် ဆွဲနေပြီလို့ ဖတ်လိုက်ရတယ်။

ဒီလူတွေအကြောင်းကို ဘယ်လောက်ထိ ပြောနေရဦးမှာလဲ? သူတို့တွေက သီးခြားကမ္ဘာမှာ နေနေကြတာလား? ” လို့ ယူအီးအက်ဖ်အေ အကြီးအကဲ ဆီဖာရင်က တုန့်ပြန်ခဲ့တာဖြစ်ပါတယ်။

စူပါလိဂ်မှာတော့ ဂျူဗင်တပ် ဥက္ကဋ္ဌဖြစ်သူ အက်ဂ်နယ်လီဟာ တိုက်ရိုက် ပါဝင်နေသူတစ်ဦး ဖြစ်ပါတယ်။ သူဟာ စူပါလိဂ်ကို ဆန့်ကျင်တဲ့ ဥရောပဘောလုံးအသင်းအဖွဲ့မှာလည်း ဥက္ကဋ္ဌအဖြစ် ပါဝင်ထားသူပါ။ ဒါကြောင့် ဒီပြဿနာဟာ အဖွဲ့တွေရဲ့ အဓိက ပုဂ္ဂိုလ်တွေ ပါဝင်ပတ်သက်နေတဲ့ ကိစ္စကြီးလည်းဖြစ်ပါတယ်။

” စူပါလိဂ် တာဝန်ရှိသူတွေက UEFA နဲ့ ECA ( ဥရောပဘောလုံးအသင်းအဖွဲ့) ကို ဝေဖန်ထားကြတယ်။ သူတို့ထဲက တစ်ဦး (အက်ဂ်နယ်လီ) ဟာ ကိုယ်တိုင်လည်း ECA ရဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ်။

သူတို့တွေအနေနဲ့ ကိုယ်ပိုင် ပြိုင်ပွဲတစ်ခုကို ယှဉ်ပြိုင်လို့ ရပါတယ်။ ဘယ်သူမှလည်း သူတို့ကို မတားပါဘူး။ ဒါပေမယ့်လို့ သူတို့ ကိုယ်ပိုင် ပြိုင်ပွဲကို ယှဉ်ပြိုင်လိုက်တာနဲ့ ကျနေ်ာတို့ရဲ့ ပြိုင်ပွဲတွေ (ယူအီးအက်ဖ်အေ လက်အောက်က ပြိုင်ပွဲတွေ) မှာ ပါဝင်ခွင့် မရှိတော့ပါဘူး ” လို့ ဆီဖာရင်က ဆက်ပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။