ချန်ပီယံလိဂ်ဖလား အနိုင်ရဖို့ အခွင့်အရေး အကောင်းဆုံး နှစ်သင်းကို တွေ့ထားတဲ့ ပေါမာဆန်

ပေါမာဆန် ကတော့ ဒီရာသီ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲနိုင်မယ့် အသင်းတွေကို ခန့်မှန်း ပြောဆိုမှု ပြုလုပ်လာခဲ့ပါတယ်။ ဂန်းနားဟောင်းကြီး ကတော့ ဒီရာသီ ချယ်ဆီး မဟုတ်ရင် လီဗာပူးပဲ ဥရောပ ချန်ပီယံ ဖြစ်လိမ့်မယ်လို့ ထောက်ခံ ပြောဆိုလာခဲ့တာပါ။

၁၆ သင်း ရှုံးထွက်အဆင့် ရောက်ပြီ ဖြစ်တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ချယ်ဆီးအသင်းက လိုင်လီကို ပထမအကျော့ ၂-ဝ နဲ့ နိုင်ထားသလို လီဗာပူးကလည်း အင်တာမီလန်ကို ၂ ဂိုးပြတ်နဲ့ပဲ နိုင်ထားခဲ့ပါတယ်။ မန်ယူနိုက်တက်နဲ့ မန်စီးတီး တို့ကလည်း ပြိုင်ပွဲမှာ ပါဝင်နေဆဲ ဖြစ်ပါတယ်။

ပေါလ်မာဆန် ကတော့ တနင်္ဂနွေနေ့က ကာရာဘောင်းဖလား လုခဲ့ကြတဲ့ နှစ်သင်းသာ ချန်ပီယံလိဂ်ဖလား ရယူသွားနိုင် မယ်လို့ သုံးသပ်ခဲ့ပါတယ်။

” တနင်္ဂနွေနေ့ကပွဲကို ကျနော် ကြည့်ဖြစ်ခဲ့တယ်။ ဒီနှစ်သင်းက ချန်ပီယံလိဂ်ဖလား ရယူနိုင်ဖို့ မိုင်သန်းပေါင်းများစွာ ဝေးကွာနေကြတာ မဟုတ်ဘူး။ သူတို့က ဥရောပမှာ အကောင်းဆုံး ခံစစ်တန်းတွေလည်း ပိုင်ဆိုင်ထားတယ်။ ချန်ပီယံလိဂ် ပွဲတွေမှာ နှစ်ကျော့လုံး နိုင်ပြီး ကျော်ဖြတ်ဖို့ ဆိုရင် clean sheet ရအောင် ယူဖို့ပဲ လိုတာ။

ဒီနှစ်သင်းလုံးက ရှေ့ကို တိုးတက်နေတယ်လို့ ကျနော်ထင်တယ်။ လူတွေကတာ့ ဟာ အဲဒီပွဲက 0-0 ပဲလေကွာ လို့ ပြောကောင်း ပြောလိမ့်မယ်။ ဂိုးမရှိ သရေပွဲ တစ်ပွဲပါပဲ လို့ ပြောလိုက်ဖို့ သူတို့က သိပ်ထူးချွန်လွန်းခဲ့တယ် လို့ ကျေနာ် ထင်တယ်။

ဂိုးသမား ကောင်းတယ်၊ ခံစစ်ကောင်းတယ်၊ တိုက်စစ် လိုက်ပါတာ ကောင်းတယ်။ အဆုံးသတ်ပိုင်းက သိပ်မကောင်းခဲ့ဘူး။ ဒါပေမယ့် နှစ်သင်းလုံးက ချန်ပီယံလိဂ်မှာ အပီကြိတ်ဖို့ အရည်အသွေး ရှိတယ် ဆိုတာ ကျနော် မြင်ခဲ့ရတယ်။

ဒီနှစ်သင်းထဲက တစ်သင်းပဲ ချန်ပီယံလိဂ် ဗိုလ်စွဲလိမ့်မယ်။ သူတို့ ခံစစ်တန်းက သိပ်ကောင်းနေကြတယ်။ ကျနော် မန်စီးတီးကိုလည်း ကြည့်ဖြစ်ပါတယ်။ သူတို့လည်း အခွင့်အရေးတော့ ရှိပါမယ်။ လီဗာပူးကတော့ ပရီးမီးယားလိဂ် ထက် ချန်ပီယံလိဂ်ရဖို့ ပို အခွင့်အရေး များမယ် ကျနော် ထင်တယ်။

ချန်ပီယံလိဂ်မှာ သူတို့ နောက်ထပ် ၃ ပွဲ ရှုံးလို့ ရသေးတယ်၊ ဒါတောင် ဗိုလ်စွဲနိုင်သေးတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာ ၃ ပွဲ ရှုံးလိုက်ရင် ဖလား မျှော်လင့်ချက်က ပြီးသွားပြီ။ ပရီးမီးယားလိဂ်မှာ သူတို့ နည်းနည်းမှ လွဲချော် လို့ မရတော့ဘူး။ ” လို့ ပေါမာဆန်က ဆိုခဲ့တာပါ။

လီဗာပူးဟာ အင်တာမီလန်နဲ့ ဒုတိယ အကျော့ ပွဲစဉ်ကို မတ် ၈ ရက်မှာ ကစားရမှာ ဖြစ်ပြီး ချယ်ဆီးကတော့ မတ် ၁၆ ရက်မှာ လိုင်လီကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။