သန်းပေါင်းများစွာ ရနေတဲ့ စပွန်ဆာကြေးကို လက်လွတ်ခံပြီး ရုရှားကုမ္ပဏီကြီးနဲ့ UEFA လမ်းခွဲ

ယူအီးအက်ဖ်အေဟာ သူတို့ရဲ့ အဓိက စပွန်ဆာတစ်ခုဖြစ်တဲ့ Gazprom နဲ့ ပမာဏများပြားတဲ့ စာချုပ်ကို ဖျက်သိမ်းခဲ့တဲ့နောက် စပွန်ဆာကြေး သန်းပေါင်းများစွာကို ဆုံးရှုံးသွားတော့မှာပါ။

ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ ရုရှားစွမ်းအင်ကုမ္ပဏီနဲ့ သူတို့ရဲ့ မိတ်ဖက်ဆက်ဆံရေးကို အဆုံးသတ်ခဲ့ပြီဖြစ်ကြောင်း တနင်္လာနေ့က ကြေညာခဲ့တာပါ။ ဗလာဒီမာ ပူတင်ရဲ့ ယူကရိန်း ကျူးကျော်မှုက အားကစားလောကကိုပါ ပဲ့တင်ထပ်လာတဲ့နောက် ယူအီးအက်ဖ်အေအပြင် ဖီဖာကလည်း ရုရှားမှာ နိုင်ငံတကာပွဲတွေကို ကစားဖို့ ပိတ်ပင်ခဲ့ပြီ ဖြစ်ပါတယ်။

ရုရှားကလပ်တွေအနေနဲ့ ဥရောပပြိုင်ပွဲတွေမှာ ပါဝင်ခွင့် တားဆီးခံရတော့မှာဖြစ်တာကြောင့် စပါးတပ်မော်စကိုဟာ ယူရိုပါလိဂ်ကနေ ထွက်ခွာခဲ့ရတယ်။ ဒါ့အပြင် ဖီဖာကလည်း ရုရှားလက်ရွေးစင်အသင်းကို ကမ္ဘာဖလားပြိုင်ပွဲ ခြေစစ်ပွဲကနေ ထုတ်ပယ်ခဲ့ပြီ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေနဲ့ ဖီဖာတို့ဟာ သူတို့ရဲ့ ကြေညာမှုတွေမတိုင်ခင် ရုရှားအပေါ် တင်းကျပ်တဲ့ အရေးယူမှုတွေ လုပ်ဖို့ ပြင်းထန်တဲ့ ဖိအားတွေအောက်ကို ရောက်ခဲ့ကြတယ်။ ယူအီးအက်ဖ်အေဟာ ချန်ပီယံလိဂ် အဓိကစပွန်ဆာတစ်ခုဖြစ်တဲ့ Gazprom နဲ့ တစ်ရာသီ ပေါင် ၃၆ သန်း တန်ကြေးရှိတဲ့ စာချုပ်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။

“ ယူအီးအက်ဖ်အေဟာ ပြိုင်ပွဲစုံမှာ Gazprom နဲ့ မိတ်ဖက်ဆက်ဆံရေးကို အဆုံးသတ်ဖို့ ဒီနေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ချက်ချင်း အကျိုးသက်ရောက်မှုရှိပြီး ချန်ပီယံလိဂ်၊ နေးရှင်းလိဂ်ပြိုင်ပွဲတွေနဲ့ ၂၀၂၄ ယူရိုပြိုင်ပွဲ အပါအဝင် ရှိသမျှ သဘောတူညီမှု အားလုံးမှာ အကျုံးဝင်ပါတယ် ” လို့ တနင်္လာနေ့က ကြေညာချက် ထုတ်ခဲ့တာပါ။

Gazprom ဟာ ၂၀၁၂ ကတည်းက ဥရောပ ထိပ်သီးပြိုင်ပွဲကို စပွန်ဆာပေးခဲ့တာဖြစ်ပြီး မနှစ်က ယူအီးအက်ဖ်အေနဲ့ စာချုပ်ကို ၂၀၂၄ မတိုင်ခင်အထိ သက်တမ်းတိုးခဲ့ပြီး ယူရို ၂၀၂၀ မှာလည်း တရားဝင် မိတ်ဖက်စီးပွားရေးတစ်ခု ဖြစ်ခဲ့သေးတာပါ။

ဒီရာသီရဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ကိုလည်း Gazprom Arena လို့ လူသိများတဲ့ ဇင်းနစ်စိန့်ပီတာစဘတ်ရဲ့ ခရက်စ်တော့ဗ်စကီ ကွင်းမှာ ကစားဖို့ ကနဦး စီစဉ်ထားခဲ့ကြတာပါ။
ဒါပေမယ့် ယူအီးအက်ဖ်အေဟာ ပြီးခဲ့တဲ့အပတ်ကပဲ ဥရောပဖိုင်နယ်ပွဲကို ရုရှားအစား ပါရီက စတာဒီ ဒီဖရန့်စ်မှာ ရွှေ့ပြောင်းကျင်းပသွားမယ်လို့ ကြေညာခဲ့ပါတယ်။

၂၀၀၇ ကတည်းက Gazprom ရဲ့ စပွန်ဆာကိုရယူခဲ့တဲ့ ဂျာမန်ကလပ် ရှော်ကေးဟာလည်း ပြီးခဲ့တဲ့အပတ်က သူတို့ရဲ့ ဂျာစီအရှေ့ပိုင်းမှာရှိတဲ့ အဆိုပါ ကုမ္ပဏီရဲ့ စပွန်ဆာ အမှတ်တံဆိပ်ကို ဖယ်ရှားပစ်ခဲ့ပါတယ်။ အဲ့ဒီ့အစား သူတို့ဟာ ရိုးရိုးရှင်းရှင်း ‘Schalke 04’ စာတန်းပဲ ထားရှိခဲ့ပါတယ်။

ယူအီးအက်ဖ်အေဟာ Gazprom နဲ့ သူတို့ရဲ့ မိတ်ဖက် ဆက်ဆံရေးကို ဖျက်သိမ်းခဲ့တာကြောင့် အစားထိုးစရာ စပွန်ဆာအသစ်နဲ့ အမြန်ဆုံး စာချုပ် ချုပ်ဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။