ရုရှားနဲ့ဆို ဘောလုံးမကန်ဘူး၊ အမျိုးသား အမျိုးသမီး မပြောနဲ့ ကလေးပွဲပါ မကန်ဘူးလို့ အင်္ဂလန် ကြေညာ

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေကတော့ လက်ရွေးစင်အဆင့်မှာ မည့်သည့်အဆင့်အတွက် မဆို ရုရှားဘောလုံးအသင်းတွေနဲ့ ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ကြေညာလိုက်ပါတယ်။

ဥရောပနိုင်ငံတွေဟာ နယ်ပယ်စံကနေ ရုရှားကို ဆန့်ကျင်လာတာဖြစ်ပြီး အားကစားလောကထိပါ ရောက်ရှိလာတာပါ။ အင်္ဂလန်ဟာ များစွာသော အပြစ်မဲ့ လူထုကို ထိခိုက်စေရေး စစ်ရေးကို စတင်ခဲ့တဲ့ ရုရှားနဲ့ အဆက်ဖြတ်မယ့် (၄) သင်းမြောက် လက်ရွေးစင်အသင်းလည်း ဖြစ်လာခဲ့တယ်။

အက်ဖ်အေရဲ့ ထုတ်ပြန်ချက်မှာတော့ ‘ ယူကရိန်းနဲ့အတူ ရပ်တည်ကြောင်း ပြသပြီး ရုရှားခေါင်းဆောင်တွေ ကျူးလွန်ခဲ့တဲ့ ရက်စက် ယုတ်မာမှုတွေကို အပြည့်အဝ ရှုတ်ချဖို့အတွက် အက်ဖ်အေ အတည်ပြုလိုတာက အနာဂတ်မှာ ရုရှားနဲ့ ယှဉ်ပြိုင်ကစားရမယ့် မည်သည့် လက်ရွေးစင်ပွဲကိုမှ ကစားမှာ မဟုတ်ပါဘူး။

လက်ရွေးစင်ပြိုင်ပွဲဆိုရာမှာ စီနီယာအဆင့် ပွဲစဉ်တွေအကုန်အပြင် လူငယ်အဆင့် ပွဲတွေလည်း ပါဝင်မှာ ဖြစ်ပါတယ် ’ လို့ ပါရှိပါတယ်။

နောက်လထဲ ကစားရတော့မယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ ရှိနေပေမယ့် ပထမဆုံး ပိုလန် အသင်းက ရုရှား လက်ရွေးစင် အသင်းနဲ့ ယှဉ်ပြိုင် ကစားဖို့ ငြင်းပယ်ခဲ့တယ်။ ချက် ရီပက်ဘလစ်နဲ့ ဆွီဒင် အသင်းတို့ကလည်း လတ်တလော ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲနေတဲ့ ရုရှားနဲ့ မပတ်သတ်လိုကြောင်း ကြေငြာချက်တွေ ထုတ်ပြန်ကာ ငြင်းဆန်ခဲ့ပါတယ်။

ကမ္ဘာဘောလုံးအဖွဲ့ချုပ် ဖီဖာ အနေနဲ့ ရုရှားကို ပြိုင်ပွဲမှာ ဆက်ထား၊ မထား ဆုံးဖြတ်ရဖို့ ဖိအားတွေ တိုးလာနေခဲ့ကာ လက်တလောမှာတော့ ပြိုင်ပွဲက မထုတ်ပယ်ပေမယ့် ပြိုင်ပွဲတွေမှာ ရုရှား နိုင်ငံတော်အလံကို အသုံးပြုခွင့်ပေးမှာ မဟုတ်သလို နိုင်ငံတော်သီချင်းလည်း ဖွင့်ခွင့်ပေးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ပြိုင်ပွဲကနေ မထုတ်ဘဲ ဒီဟန့်တားမှုပဲ လုပ်ခြင်းအတွက် ဖီဖာကိုလည်း ဝေဖန်နေကြပါတယ်။

ဘောလုံးအားကစား မဟုတ်တဲ့ အားကစားနယ်ပယ်တွေမှာလည်း ရုရှားကို စွန့်ခွာနေကြပြီဖြစ်ကာ ရုရှားမှာ ကျင်းပမယ့် Formula One ပြိုင်ပွဲကိုလည်း ပယ်ဖျက်ထားပြီ ဖြစ်ပါတယ်။