NEWS: လာမယ့် အပတ်မှာ ဥရောပ စူပါလိဂ် ပုံစံသစ်ကို ဂျူဗီ၊ ရီးရဲလ်၊ ဘာကာတို့ ချပြသွားမည်

ဥရောပ အင်အားကြီး ကလပ်အသင်း ၃ သင်းဟာ လာမယ့်အပတ်မှာတော့ ဥရောပ စူပါလိဂ် ပြိုင်ပွဲရဲ့ ပုံစံသစ်ကို ထုတ်ဖော်သွားဖို့ ပြင်ဆင်ထားခဲ့ပြီဖြစ်ပါတယ်။

မနှစ်တုန်းက ကမ္ဘာဘောလုံးလောကကို ရိုက်ခတ်မှု ကြီးခဲ့တဲ့ ဥရောပ စူပါလိဂ်ဟာ များစွာသော ကန့်ကွက်မှုတွေနဲ့အတူ တစ်ခန်းရပ်သွားခဲ့တာပါ။ ဥရောပစူပါလိဂ်ကို အင်အားကြီး ကလပ် ၁၂ သင်းဖြင့် စတင် တည်ထောင်ခဲ့ပေမယ့် လက်ရှိမှာ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ဂျူဗင်တပ်တို့ပဲ ကျန်ရှိကာ ကျန်ကလပ် ၉ သင်းကတော့ နုတ်ထွက်သွားပြီဖြစ်တယ်။

လိဂ်တည်ထောင်သူ ၁၂ သင်းထဲမှာ ပါဝင်ခဲ့တဲ့ မန်စီးတီး၊ လီဗာပူး၊ ချယ်ဆီး၊ ယူနိုက်တက်၊ အာဆင်နယ်၊ စပါး၊ အေစီမီလန်၊ အင်တာမီလန်နဲ့ အက်သလက်တီကိုတို့ဟာ လက်ရှိမှာ ပြိုင်ပွဲကနေ နုတ်ထွက်သွားခဲ့ပြီဖြစ်တယ်။ လက်ကျန် စူပါလိဂ်ပြိုင်ပွဲဝင် ကလပ်တွေဟာ ဖီဖာ၊ ယူအီးအက်ဖ်အေမှ တာဝန်ရှိသူတွေနဲ့ ထိပ်တိုက်တွေ့နေဆဲဖြစ်ပါတယ်။

စူပါလိဂ်မှာ ပါဝင်ခဲ့ခြင်းကြောင့် ဥရောပကလပ်တွေဟာ ယူအီးအက်ဖ်အေကို ဒဏ်ကြေးအားဖြင့် တစ်သင်းကို ပေါင် ၇ သန်း ပေးဆောင်ရမှာဖြစ်တယ်။ ထပ်ပြီးလည်း ကလပ် ၉ သင်းပေါင်းဟာ ကလေးသူငယ်၊ လူငယ်နဲ့ အောက်ခြေ ဘောလုံးလောက တိုးတက်ဖွံ့ဖြိုးရေးတွေအတွက် ပေါင် ၁၃ သန်းကို မျှဝေပြီး ဒဏ်ကြေးအဖြစ် ထပ်မံ ပေးဆောင်ရမှာဖြစ်ပါတယ်။

လာမယ့်အပတ် အင်္ဂါနေ့မှာတော့ ဂျူဗင်တပ်အသင်း ဥက္ကဋ္ဌဖြစ်သူ Andrea Agnelli က စူပါလိဂ် အစီအစဉ်အသစ်ကို ထုတ်ဖော် ကြေညာမယ်လို့ သိရတယ်။ မနှစ်က ကြေညာခဲ့သလို အမြဲတမ်း ကလပ် ၁၂ သင်းအစား အစဉ်အလာအတိုင်း ပြည်တွင်း အမှတ်ပေးလိဂ်မှ အဆင့်ရပ်တည်ချက် အပေါ် မူတည်ပြီး ပြိုင်ပွဲထဲ ပါဝင်ခွင့်လို ကိစ္စမျိုး ပါဝင်မယ်လို့ သတင်းထွက်နေပါတယ်။

ဥရောပရဲ့ ပုန်ကန်သူတွေလို့ နာမည်ကြီးခဲ့တဲ့ စူပါလိဂ်ဟာ ပါဝင်ယှဉ်ပြိုင်မယ့် ကလပ်တွေကို ဗိုလ်လုပွဲကို တက်ရောက်နိုင်မှ ယူရို သန်း ၁၃၀ လောက်ရမယ့် ချန်ပီယံလိဂ်ထက် ဝင်ငွေပိုင်း ပိုရမယ်လို့ မက်လုံးပေးခဲ့ပြီး ပြိုင်ပွဲကို ပါဝင် ယှဉ်ပြိုင်ရင်ပဲ တစ်နှစ်ကို ယူရို သန်း ၃၀၀ လောက် ရနိုင်မယ်လို့ ခန့်မှန်းထားရတာဖြစ်ပါတယ်။