ရုရှားနဲ့ ကမ္ဘာဖလားခြေစစ်ပွဲ မကစားဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်တဲ့ ပိုလန်လက်ရွေးစင်အသင်း

ပိုလန် လက်ရွေးစင် ဘောလုံးအသင်းဟာ ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့ ရုရှားနဲ့ ကမ္ဘာဖလား ခြေစစ်ပွဲ ယှဉ်ပြိုင်ကစားဖို့ ဆန္ဒမရှိကြောင်း ထုတ်ဖော်ခဲ့ပြီးနောက် ကမ္ဘာဖလားပြိုင်ပွဲထံ ပါဝင်ခွင့်ကိုပါ လက်လွှတ်အဆုံးရှုံးခံဖို့ ပြင်ဆင်လာပါတယ်။

ပိုလန်ဟာ မတ် ၂၄ ရက်မှာ ရုရှားနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပလေးအော့ဖ် ကစားဖို့ မော်စကိုဆီ သွားရောက်ဖို့ ကနဦး စီစဉ်ထားခဲ့တာဖြစ်ပြီး အနိုင်ရရှိတဲ့ အသင်းဟာ ကာတာကမ္ဘာ့ဖလား ဝင်ခွင့် တစ်နေရာအတွက် ဆွီဒင် ဒါမှမဟုတ် ချက်ဇ်နဲ့ ဆက်လက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

အခု အဲ့ဒီ့သုံးသင်းဟာ ရုရှားကို ကမ္ဘာ့ဖလားခြေစစ်ပွဲ အိမ်ရှင်ဖြစ်ခွင့် မပေးသင့်ဘူးလို့ ပူးတွဲ ထုတ်ပြန်ခဲ့ပေမယ့် ပိုလန်ကတော့ ပိုပြတ်သားတဲ့ ထုတ်ဖော်မကို ပြုလုပ်လာခဲ့ပါတယ်။

‘ စကားတွေနဲ့ ပြောဖို့အချိန် မဟုတ်တော့ဘူး။ လုပ်ရပ်နဲ့ သက်သေပြရမယ့် အချိန်ပဲ။ ယူကရိန်းအပေါ် ရုရှားအဖွဲ့ချုပ်ရဲ့ ရန်လိုကျူးကျော်မှု အရှိန်မြင့်တက်လာတာကြောင့် ပိုလန် လက်ရွေးစင်အသင်းဟာ ရုရှားနဲ့ ပလေးအော့ဖ် ကစားဖို့ ဆန္ဒမရှိတော့ပါဘူး။

ဒါကသာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါပဲ။ ကျွန်တော်တို့ဟာ ဖီဖာကို ဘုံသဘောတူညီမှု တောင်းဆိုဖို့ ဆွီဒင်၊ ချက်ဇ်တို့နဲ့အတူ ဆွေးနွေးနေပါတယ် ” လို့ ပိုလန် ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ကူလက်စ်ဇာက စနေနေ့ မနက်မှာ တွစ်တာကနေ ပြောကြားခဲ့ပါတယ်။

ပွဲကို ဘယ်နေရာမှာ ကျင်းပပါစေ ရုရှားနဲ့ဆိုရင် မကစားဘူးလို့ ငြင်းပယ်ထားတဲ့ ပိုလန်ရဲ့ ဆုံးဖြတ်ချက်ကို ကစားသမားတွေကိုယ်တိုင် ဦးဆောင်ခဲ့တာဖြစ်ပြီး အသင်းခေါင်းဆောင် လီဝန်ဒေါစကီးက တစ်သင်းလုံးကို ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ် တိုက်စစ်မှူးက “ အားကစားလောကမှာ လှပတဲ့ အရာအားလုံးက စစ်ပွဲတွေနဲ့ ဆန့်ကျင်ဘက်ပါပဲ။ လွတ်လပ်မှုနဲ့ ငြိမ်းချမ်းမှုကို တန်းဖိုးထားတဲ့သူ အားလုံးအတွက် ဒါက ယူကရိန်းအပေါ် ကျူးကျော်စစ်ရဲ့ ဒုက္ခသည်အားလုံးနဲ့အတူ တသားတည်း ရပ်တည်ပေးရမယ့် အချိန်ပါ။

နိုင်ငံအသင်းရဲ့ ခေါင်းဆောင်တစ်ယောက် အနေနဲ့ ရုရှားနဲ့ပွဲအတွက် ဘုံသဘောတူညီမှုရဖို့ အသင်းဖော်တွေနဲ့ ပြောဆိုသွားမှာဖြစ်ပြီး ပိုလန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌဆီ အမြန်ဆုံး တင်ပြသွားမှာပါ ” လို့ ပြောဆိုခဲ့ပါတယ်။

ဥရောပ ဘောလုံးအဖွဲ့ချုပ် UEFA ဟာ ရုရှားမှာ ကစားဖို့ စီစဉ်ထားတဲ့ သူတို့ရဲ့ ပွဲအားလုံးကို ကြားကွင်းတွေမှာပဲ ကစားတော့မယ်လို့ အတည်ပြုခဲ့ပြီးသားဖြစ်ပြီး ဒါဟာ လိုက်ပ်ဇစ်နဲ့ စပါးတပ် မော်စကိုရဲ့ ယူရိုပါလိဂ် ပွဲတစ်ပွဲအပေါ်မှာသာ သက်ရောက်မှု ရှိပေမယ့် ဖီဖာကတော့ သူတို့ရဲ့ ရပ်တည်မှုကို ပြတ်ပြတ်သားသား ထုတ်ပြခဲ့ခြင်း မရှိသေးပါဘူး။

ပိုလန်၊ ဆွီဒင်နဲ့ ချက်ဇ်တို့က မော်စကိုမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ကစားဖို့ကို ဆန့်ကျင်ခဲ့ကြပေမယ့် သူတို့ဟာ ဖီဖာထံကနေ ဘာတုံ့ပြန်မှုမှ မရရှိခဲ့တာ ဖြစ်ပါတယ်။ ရုရှားဟာ ပလေးအော့ဖ် ဆီမီးဖိုင်နယ်မှာ ပိုလန်ကို အနိုင်ရရင် မတ် ၂၉ ရက် မော်စကိုမှာ ဆွီဒင်နဲ့ ချက်ဇ်တို့ထဲက အနိုင်ရတဲ့အသင်းနဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာပါ။

ဖီဖာဥက္ကဌ အင်ဖန်တီနိုကတော့ ယခုအခြေအနေနဲ့ ပတ်သက်ပြီး “ကျွန်တော်တို့ ဆက်လက်စောင့်ကြည့်နေပါတယ်။ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေကို မကြာခင် သတင်းအသစ်တွေ ထုတ်ပြန်ပေးသွားမှာပါ။ ကျွန်တော်တို့ဟာ လိုအပ်ရင် ချက်ချင်း ဆုံးဖြတ်ချက်တွေ ချနိုင်ပါတယ်”လို့ ဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။