OFFICIAL: ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ရုရှားမှာ မလုပ်ဘဲ ပြင်သစ်ထံ ပြောင်းဖို့ UEFA အတည်ပြုပြီ

ဥရောပမှာ စတင်နေပြီဖြစ်တဲ့ စစ်မီးဟာ အားကစားလောကထဲမှာလည်း စတင် ရိုက်ခတ်လာနေပြီဖြစ်ကာ ဥရောပရဲ့ အကြီးကျယ်ဆုံးသော ဗိုလ်လုပွဲတွေထဲက တစ်ခုဖြစ်တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ရုရှားမှာ မလုပ်ဖို့ အတည်ပြုခဲ့ပြီဖြစ်ပါတယ်။

သောကြာနေ့ အစည်းအဝေးအပြီး ယူအီးအက်ဖ်အေဘက်က တရားဝင် သတင်းထုတ်ပြန်မှုအရ ၂၀၂၂ ခုနှစ် မေလ ၂၈ နေ့မှာ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ပရိသတ်ပေါင်း ၆၈၀၀၀ ဝင်ဆံ့တဲ့ ရုရှားနိုင်ငံ စိန့်ပီတာဘက်ခ်မြို့က Gazprom Arena ကွင်းမှာ ပြုလုပ်သွားတော့မှာ မဟုတ်ပါဘူး။

ယူအီးအက်ဖ်အေကတော့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ပြင်သစ်နိုင်ငံ ပဲရစ်အခြေစိုက် Stade de France ကွင်းမှာ ပြောင်းလဲ ယှဉ်ပြိုင်စေမှာဖြစ်တယ်။ ဥရောပမှာ ၇ ခုမြောက် အကြီးဆုံးကွင်းဖြစ်သလို ပြင်သစ်ဘောလုံးအသင်းရဲ့ အိမ်ကွင်းလည်းဖြစ်တဲ့ Stade de France ဟာ ပရိသတ်ပေါင်း ၈၀၀၀၀ ကျော် ဝင်ဆံ့တဲ့ ကွင်းဖြစ်ပါတယ်။

‘ ဥရောပမှာ လုံခြုံးရေးဆိုင်ရာ အခြေအနေ ဆိုးရွားလာမှု နောက်ဆက်တွဲအဖြစ် ဒီကနေမှာ ယူအီးအက်ဖ်အေ အမှုဆောင်ကော်မတီ အစည်းအဝေးကို ပြုလုပ်ခဲ့ပါတယ်။ ကော်မီတဘက်က ဆုံးဖြတ်မှုက ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ အမျိုးသား ချန်ပီယံလိဂ် ဗိုလ်လုပွဲကို စိန့်ပီတာဘက်ကနေ စိန့်ဒန်းနစ်မှာရှိတဲ့ Stade de France ကွင်းမှာ ပြောင်းလဲ ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပွဲချိန်ကတော့ မူလ အတိုင်းပါပဲ ‘ ဆိုပြီး ယူအီးအက်ဖ်အေက ထုတ်ပြန်ခဲ့တာဖြစ်တယ်။

ရုရှားသမ္မတ ပူတင်က ယူကရိန်း အရှေ့ပိုင်း ဒေသတွေကို လွတ်လပ်သော ပြည်နယ်များအဖြစ် တရားဝင် ထုတ်ပြောခဲ့အပြီး ကျူးကျော်မှုတွေ စတင်တဲ့နောက် ဥရောပမှ တာဝန်ရှိနယ်ပယ် အသီးသီးဟာ ပိတ်ဆို့မှုတွေ ကန့်ကွက်မှုတွေ စတင်လာတာပါ။ ဘောလုံးလောကမှ ကလပ်တွေ၊ ကစားသမားတွေကလည်း စစ်ပွဲကို ကန့်ကွက်ကြောင်းတွေ ဖော်ပြနေကြတာဖြစ်တယ်။

ရုရှားကျူးကျော်မှု နောက်ဆက်တွဲအဖြစ် ယူနိုက်တက်က ရုရှားလေးကြောင်းလိုင်းနဲ့ စပွန်ဆာ ရပ်ဆဲခြင်း၊ ဘွန်ဒက်လီဂါကလပ် ရှော်ကေးအသင်းက ရုရှား လောင်စာကုမ္ပဏီနဲ့ စာချုပ်ရပ်ဆဲခြင်းတွေကို ပြုလုပ်ထားတယ်။ ဗြိတိန်ဘက်ကတော့ ရုရှားလုပ်ငန်းရှင်တွေကို ပိတ်ဆို့မှုတွေ စတင်ဖို့ပြင်ဆင်နေကာ ချယ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ကို အဆိုပါစာရင်းထဲ ထည့်သွင်းဖို့ ဆွေးနွေးနေပြီဖြစ်ပါတယ်။