ကွင်းထဲ အဆန်းကြီးတွေ သိပ်မလုပ်ဘဲ ဘောလုံးကို ရိုးရိုးကန်ဖို့ ရက်ဖိုဒ့်ကို ပေါလ်စခိုး တိုက်တွန်း

မားကပ်ရက်ဖို့ဒ်ဟာ အက်သလက်တီကိုမက်ဒရစ်နဲ့ပွဲမှာ နောက်ထပ် နိမ့်ပါးတဲ့ ခြေစွမ်းကို ထပ်မံ ကြုံတွေ့ခဲ့ရတဲ့နောက် သူ့ရဲ့ ခြေစွမ်းမှန်ပြန်ရဖို့ စိတ်ကူးယဉ်ဆန်စွာ ကစားနေတာကို ရပ်လိုက်သင့်ပြီလို့ ပေါလ်စခိုးက သတိပေးလိုက်ပါတယ်။

ရက်ဖို့ဒ်ဟာ ဝမ်ဒါ မက်ထရိုပိုလီတာနိုမှာ ထိထိရောက်ရောက် အကျိုးပြုနိုင်ခဲ့ခြင်းမရှိပဲ ၇၅ မိနစ်မှာ လူငယ်ကစားသမား အီလန်ဂါနဲ့ လူစားလဲ ခံခဲ့ရပါတယ်။ အီလန်ဂါကတော့ အဆုံးသတ်မှာ သိပ်အရေးပါတဲ့ ချေပဂိုးကို သွင်းယူပေးခဲ့ပြီး ဒုတိယအကျော့မှာ ပြိုင်ဆိုင်မှု ပြင်းထန်လာဖို့ လမ်းဖွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

ရက်ဖို့ဒ်ဟာ ဒီရာသီအများစုမှာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေ ပြသဖို့ ကျရှုံးခဲ့ပြီး ပြိုင်ပွဲစုံ ၅ ဂိုးသာ သွင်းယူနိုင်ခဲ့သလို ၎င်းအနေနဲ့ ပုံမှန်လေး ပြန်ကစားဖို့ စခိုးက တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

“ သူ့ကြည့်ရတာ အရမ်းကို စိုးရိမ်ကြောင့်ကြနေပုံပဲ။ သူက အတော်လေးကို ခက်ခက်ခဲခဲ ကြိုးစား ရုန်းကန်နေရတာပါ။ သူ့ဆီကို ဘောလုံးရောက်လာတဲ့ အကြိမ်တိုင်း သူက မှော်ဆန်တဲ့ တစ်ခုခုကို လုပ်ပြနိုင်ဖို့ ကြိုးစားနေသလို ခံစားရတယ်။ ဒါက မင်းလုပ်နိုင်သမျှထဲမှာ အဆိုးရွားဆုံး အရာပဲ။

ကျွန်တော် ခက်ခဲတဲ့ အချိန်တွေကို ကြုံခဲ့ရတုန်းက နည်းပြ (ဆာအဲလက်စ် ဖာဂူဆန်) က ရိုးရိုးရှင်းရှင်းပဲ တွေးပြီး လုပ်ဖို့ ပြောပြခဲ့တာကို မှတ်မိပါသေးတယ်။ ပွဲထဲမှာ ဈာန်ဝင်နိုင်ဖို့ ပုံမှန်အတိုင်းလေးပဲ လုပ်ပါ။ ရက်ဖိုဒ့်က အဲ့ဒါကို လုပ်နိုင်ပုံ မပေါ်ဘူး။ သူက အမြဲတမ်း တစ်ခုခု ထူးထူးခြားခြား လုပ်ပြရမယ်ဆိုတာ စဉ်းစားနေတယ်။

သူ့အနေနဲ့ စိတ်အေးအေးထားဖို့ လိုပြီး ကိုယ့်ပုံစံအတိုင်း ရိုးရှင်းစွာ ကြိုးစားကစားဖို့ပဲ လိုပါတယ်။ အဲ့ဒါဆိုရင် ခြေစွမ်းကောင်းတွေ ပြန်ရလာမှာပါ”လို့ စခိုးက တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

ရက်ဖို့ဒ်အတွက် ဒီ ခက်ခဲတဲ့ကာလကို ကျော်ဖြတ်နိုင်အောင် ကူညီပေးဖို့ သူ့ရဲ့ စီနီယာ အသင်းဖော်တွေက ဦးဆောင်လမ်းပြဖို့ကိုလည်း စခိုးက တိုက်တွန်းခဲ့ပါတယ်။

“ အခုအသင်းမှာ ဦးဆောင်နိုင်စွမ်းတွေ ကင်းမဲ့နေတယ်ဆိုတာ ကျွန်တော်တို့ ပြောခဲ့တာကြာပါပြီ။ မက်ဂွိုင်းယားက အသင်းကို တကယ် ခေါင်းမဆောင်နိုင်ပါဘူး။ ဒီလို လူငယ်ကစားသမားတွေဟာ သူတို့ ဒေါသဖြစ်လာအောင် ဘာမှမတိုက်တွန်းပြနိုင်ဘူး။ ဦးဆောင်သူတစ်ယောက် ဆူပူပေးမှ သူတို့ ပြင်ဆင်ကြိုးစားကြမှာပါ။

စတီဗ်ဘရုစ်၊ ဂယ်ရီ ပယ်လစ်စတာ၊ ရွိုင်ကိန်းတို့ရှိတဲ့အသင်းထဲ ဝင်လာရတာကို မှတ်မိသေးတယ်။ သူတို့တွေက မင်း အလိုက်တသိ လုပ်တတ်သွားတဲ့အထိ တချိန်လုံး လိုက်ပြောဆိုနေတာပါ။ နာနီနဲ့ ကစားတုန်းက ကျွန်တော်တို့ သူ့ကို အော်ဟစ်ခဲ့ကြရတယ်။ နောက်ဆုံးမှာတော့ သူ ခံစစ်မှာ ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်” လို့လည်း သရဲနီ ကွင်းလယ်လူဟောင်းက ပြောဆိုသွားခဲ့ပါတယ်။