အေတီကို ကို သရေကျတဲ့ပွဲအတွက် ယူနိုက်တက် အဓိက ကစားသမားကို ဖာဒီနန် ဝေဖန်

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် အဝေးကွင်းပွဲအဖြစ် ယူနိုက်တက်နဲ အက်သလက်တီကို မက်ဒရစ်နဲ့ ၁-၁ သရေကျတဲ့ပွဲမှာ အသင်းဟောင်းက ကစားပုံ မကောင်းခဲ့ဘူးလို့ ဖာဒီနန်က မှတ်ချက်ပေးပါတယ်။

ဆီမြွန်နီရဲ့ အသင်းဟာ သိပ်ကောင်းတဲ့ အစကို ပိုင်ဆိုင်ခဲ့ပေမယ့် အီလန်ဂါရဲ့ ခြေပဂိုးကို ခွင့်ပြုရမှုနဲ့အတူ ဒုတိယအကျော့ အိုးထရတ်ဖိုဒ့်ထံ သွားရောက် ယှဉ်ပြိင်ရချိန် ရလဒ်ကောင်း ရယူဖို့ လိုအပ်မှာဖြစ်တယ်။ ရန်းနစ်ရဲ့ အသင်းဟာ ဒုတိယပိုင်း ခြေပဂိုးနဲ့အတူ အိမ်အပြန်မှာ သရေရလဒ် ရယူသွားနိုင်ခဲ့လို့ အတော်လေး အသက်ရှုချောင်ခဲ့ပါတယ်။

အဝေးကွင်းမှာ သရေရလဒ် ယူနိုင်ခြင်းကို ဖာဒီနန်က ကျေနပ်ပေမယ့် အသင်းလိုက် ကစားပုံ ညံ့ဖျင်းခဲ့ကာ ဂိုးထောက်ပံ့မှု လုပ်နိုင်တာကလွဲလို့ တစ်ပွဲလုံး ခြေစွမ်း ဆိုးရွားခဲ့တဲ့ ဖာနန်ဒက်စ်ကိုလည်း ဝေဖန် ထောက်ပြခဲ့ပါတယ်။

ဖာဒီနန်က ‘ ယူနိုက်တက်က ဒီလိုရလဒ်ကို ရယူနိုင်တယ်ဆိုတာ ပွဲမတိုင်ခင်တည်းက သိခဲ့ပါတယ်။ ဒါပေမယ့်လို့ ဒီညမှာ ယူနိုက်တက်က ကံကောင်းခဲ့တာပါ။ သူတို့ ကစားပုံက အတော်လေး ဆိုးရွားသလို ပထမပိုင်း ကစားပုံကြီးက ဆိုးဆိုးရွားရွားပါ။

ဒါပေမယ့် ဒီလိုအဆင့် ပြိုင်ပွဲမှာက ခက်ခဲကြမ်းတမ်းရင်တောင် ပွဲထဲမှာ ဆက်ရှိနေဖို့ပါပဲ။ ယူနိုက်တက် ကစားသမားတွေ ကစားပုံ ဆိုးရွားပေမယ့်လို့ ဂိုးေ့ပါက်မှာ ဒီဂီယာက လုပ်စရာတွေ အများကြီးတော့ မရှိခဲ့ပါဘူး။ စွမ်းဆောင်ရည်ကောင်း ပြသမှာကို မြင်လိုခဲ့ပေမယ့် အနည်းဆုံးတော့ သူတို့တွေ ရလဒ်တစ်ခုကို ရယူခဲ့ပါတယ်။

အဆုံးမှာ ဘရူနိုရဲ့ ပေးမှုကနေ အီလန်ဂါက သွင်းယူခဲ့တယ်ဆိုပေမယ့် ဘရူနိုက အဲ့တစ်ကြိမ်ကလွဲရင် တစ်ပွဲလုံး ညံ့ဖျင်းနေခဲ့တာပါ။ ခြုံပြောရရင်တော့ အိမ်ပြန်လာမယ့် ခရီးမှာ ယူနိုက်တက်က ပွဲအကြောင်း စဉ်းစားနေမှာဖြစ်ပြီး အကောင်းမြင်စရာ ပြောဆိုရမှုတွေ ရှိနေပါလိမ့်မယ် ’ လို့ ဆိုသွားခဲ့တာဖြစ်တယ်။

ဒီကနေ့ပွဲမှာ ခြေပဂိုး သွင်းယူခဲ့တဲ့ အီလန်ဂါဟာ ရွန်းနီ၊ မေဆန်ဂရင်းဝုဒ်၊ ဘက်ခမ်းနဲ့ ဖီးဂျုံးတို့နောက်ပိုင်း ယူနိုက်တက်ရဲ့ အသက်အငယ်ဆုံး ချန်ပီယံလိဂ် ဂိုးသွင်းရှင်ဖြစ်လာခဲ့တယ်။ ပွဲအပြီးမှာ ကစားသမားက ‘ ဒီလို အခိုက်အတန့်အတွက်၊ ချန်ပီယံလိဂ်မှာ အေတီကိုလို ဥရောပ ထိပ်တန်းအသင်းကောင်းကို ဂိုးသွင်းဖို့အတွက် ကျနော် အိပ်မက်မက်ခဲ့ရတာပါ ’ လို့ မှတ်ချက်ပေးသွားခဲ့တာ ဖြစ်ပါတယ်။