လိုင်လီကို အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲမှာ သူ့ကို ဂုဏ်ယူရစေတဲ့ အသင်းသားကို တူချယ် ထုတ်ဖော်

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲအဖြစ် ပြင်သစ်ကလပ် လိုင်လီအသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရာမှာ ချယ်ဆီးအသင်းက ဟာဗက်စ်၊ ပူလီဆစ်တို့ရဲ့ သွင်းဂိုးတွေဖြင့် အနိုင်ရခဲ့ပါတယ်။

ဒီပွဲမှာ ယူအီးအက်ဖ်အေကပေးတဲ့ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ကွင်းလယ်လူ ကန်တေက ရရှိခဲ့တာပါ။ အသက် ၃၀ အရွယ် ကွင်းလယ်လူဟာ ပူလီဆစ်ရဲ့ သွင်းဂိုးအတွက် အထင်ကြီးဖွယ် စွမ်းဆောင်ပြခဲ့တယ်။ သူ့ရဲ့ ခြေစွမ်းကို နည်းပြတူချယ်က အတော်လေး ကျေနပ် အားရနေပါတယ်။

ကန်တေရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ တူချယ်က ‘ ဒီနေ့ခြေစွမ်းအတွက် ကျနော် သိပ် ဂုဏ်ယူပါတယ်။ သူ ဒီလို ခြေစွမ်းပြနိုင်ဖို့ အချိန်တစ်ခု ယူခဲ့ရတယ်လို့ ပြောချင်ပါတယ်။ ပြီးခဲ့တဲ့ ပွဲတွေမှာ စစ်မှန်တဲ့ ကန်တေကို မမြင်ထားရပါဘူး။

သူ့ရဲ့ ပွဲတွေမှာ ပြင်းထန်စွာ လုပ်ပြဖို့နဲ့ ယုံကြည်မှုပိုင်းတွေအတွက် အနည်းငယ် ရုန်းကန်နေရတယ်။ ဒီကနေ့မှာ ခြေလှမ်းသစ်တွေ ပြန်လှမ်းနိုင်တာက ကောင်းပါတယ်။ ဒီလို ပြန်မြင်ရတာက သိပ်ကောင်းပြီး ပုံစံကောင်းမှာ ရှိနေတယ်ဆိုရင် ကန်တေက ဘယ်လောက်တောင် သက်ရောက်မှု ကြီးမားတယ်ဆိုတာ မြင်နိုင်ပါတယ်။

ကန်တေက ကျနော်တို့ရဲ့ ပွဲအဖြေ ပြောင်းလဲသူပါ။ သူက ကြီးကြီးမားမား သက်ရောက်နိုင်သူပါ။ ဒီနေ့ အသင်းမှာ သူပါဝင်လာပြီး လုပ်ပြသွားတာတွေအတွက် ကျနော် ပျော်မိပါတယ် ’ လို့ ဆိုသွားခဲ့တယ်။

ချယ်ဆီးကစားသမားဟောင်း ဂျိုးကိုးက ကုန်ခဲ့တဲ့ ဆယ်စုနှစ်မှာ အင်္ဂလန်လိဂ်ရဲ့ လွှမ်းမိုးမှု အကြီးမားဆုံး ကွင်းလယ်လူဟာ ကန်တေဖြစ်ပါတယ်လို့ မှတ်ချက်ပေးပါသေးတယ်။

‘ ကွင်းလယ်လူတစ်ဦးရဲ့ အရည်အချင်းကောင်းတွေ အားလုံးကို ပိုင်ဆိုင်ထားသလို သူ့လို လွှမ်းမိုးမှုကြီးမားတဲ့ ကွင်းလယ်လူတစ်ဦးကို ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ပရီးမီးယားလိဂ်မှာ မမြင်ဖူးပါဘူး။ လက်စတာမှာ သူလုပ်ခဲ့တာ၊ ချယ်ဆီးမှာ သူလုပ်ခဲ့တာတွေ အားလုံးအတွက်ပေါ့။ သူကစားပုံကောင်းတာနဲ့ သူ့အသင်းက နိုင်တော့တာပါပဲ ’ လို့ ဂျိုးကိုလ်းက ချီးကျူးသွားတာ ဖြစ်ပါတယ်။