ရုရှားက ယူကရိန်းကို ကျူးကျော်ရင် ချန်ပီယံလိဂ် ဗိုလ်လုပွဲ နေရာပြောင်း ယှဉ်ပြိုင်မယ့် UEFA

ယူအီးအက်ဖ်အေ အကြီးအကဲတွေက ယူကရိန်းကို ရုရှားက ကျူးကျော်မှု ပြုလုပ်မယ်ဆိုရင် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို စိန့်ပီတာဘက်ခ်ကနေ နေရာပြောင်းရွှေ့ဖို့ ရွေးချယ်သွားလိမ့်မယ်လို့ ဒေးလီးမေလ်းက ဖော်ပြပါတယ်။

လာမယ့် ၂၀၂၂ ခုနှစ် မေလ ၂၈ နေ့မှာတော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ရုရှားနိုင်ငံ စိန့်ပီတာဘက်ခ်မြို့က Gazprom Arena မှာ ကျင်းပဖို့ ရည်ရွယ်ထားတာပါ။ အဆိုပါ ကွင်းဟာ ရုရှားကလပ် ဇင်းနစ်အသင်းရဲ့ အိမ်ကွင်းဖြစ်ကာ ပရိသတ်ပေါင်း ၆၈၀၀၀ ဝင်ဆံ့မှာဖြစ်ပါတယ်။

ဒါပေမယ့်လို့ ရုရှားနဲ့ ယူကရိန်းကြား စစ်ရေး တင်းမာနေမှုကြောင့် ပွဲစီစဉ်သူတွေက ဗိုလ်လုပွဲကို နေရာပြောင်းဖို့ကို ကြိုတင် ရှာဖွေလာတာ ဖြစ်ပါတယ်။ ပြောင်းလဲကစားမယ့် ဘောလုံးကွင်းက ဝင်ဘာလေဖြစ်နိုင်တယ်လို့ သတင်းထွက်နေပြီး အင်္ဂလန်ကလပ်တွေဟာ ချန်ပီယံလိဂ်မှာ အနေအထားကောင်းတွေ ပိုင်ဆိုင်နေတာဖြစ်တယ်။

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်မှာတော့ မန်စီးတီး၊ လီဗာပူး၊ ချယ်ဆီးနဲ့ ယူနိုက်တက်တို့ ပါဝင်နေတာပါ။ ၎င်းအသင်းတွေ နောက်ထပ် အဆင့်ကို တက်ရောက်နိုင်မယ်ဆိုရင် အကယ်လို့ ကွင်းပြောင်းဖို့ ရွေးချယ်ရတဲ့အခါ ဝင်လာလေကို ဦးစားပေးအဖြစ် စဉ်းစားလာဖို့တော့ ရှိနေခဲ့ပြီဖြစ်ပါတယ်။

ဒီသတင်းဟာ ပူတင်က ယူကရိန်း အရှေ့ပိုင်း ဒေသတွေကို လွတ်လပ်သော ပြည်နယ်များအဖြစ် တရားဝင် ထုတ်ပြောခဲ့အပြီးမှာ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ယူအီးအက်ဖ်အေဘက်က အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး လိုအပ်လာရင် နေရာ ပြောင်းရေးကိစ္စတွေကို အတည်ပြုဖို့ စီစဉ်နေပါတယ်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ကျင်းပတဲ့ မြို့ဟာ ဘဏ္ဍာရေးအားဖြင့် ပေါင် သန်း ၆၀ နီးပါး အကျိုးအမြတ်ရတယ်လို့ သိထားရတယ်။ မနှစ်တုန်းက ချယ်ဆီးနဲ့ မန်စီးတီးတို့ဟာ ကိုဗစ်ဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် တူရကီကနေ ပေါ်တူဂီကို ပြောင်းရွှေ့ ကစားခဲ့ရပြီး ထိုစဉ်တုန်းက ပရိသတ် အကန့်အသတ်အဖြင့်ပဲ တက်ရောက်ခွင့် ရခဲ့ပါတယ်။

ဒီရာသီမှာတော့ ကွင်းပြည့် ပြန်လည် ဝင်ရောက်ခွင့် ပေးဖို့ ရှိနေတာနဲ့အတူ ဆုကြေး ပိုများမှာဖြစ်ကာ ဗိုလ်လုပွဲ ကျင်းပမယ့် မြို့ဟာ လာရောက်ကြည့်ရှုကြမယ့် ဘောလုံးပရိသတ်တွေ၊ စပွန်ဆာရေးရာ ကိစ္စတွေနဲ့အတူ ငွေကြေးပိုင်းအရ အတော်လေး အကျိုးဖြစ်မှာဖြစ်ပါတယ်။