ချန်ပီယံလိဂ်မှာ အကောင်းဆုံး အသင်းက အမြဲနိုင်တာ မဟုတ်ဘူးလို့ သတိပေးလိုက်တဲ့ မက်ဆီ

လီယွန်နယ် မက်ဆီ ကတော့ ဒီရာသီ ချန်ပီယံလိဂ်မှာ အဆုံးသတ်အထိ လျှောက်လှမ်းဖို့ မျှော်လင့်ချက်တွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ ပီအက်စ်ဂျီ အသင်းဖော်တွေကို သတိပေးစကား ပြောဆိုခဲ့ပါတယ်။

မက်ဆီရဲ့ ပင်နယ်တီကို ရီးရဲလ်ဂိုးသမား ကော်တွိုက်စ် ကာကွယ်သွားခဲ့ပေမယ့် အမ်ဘာပေရဲ့ နောက်ဆုံးမိနစ် အနိုင်ဂိုးနဲ့အတူ ပီအက်စ်ဂျီအသင်းဟာ ရီးရဲလ်မက်ဒရစ်ကို ပထမအကျော့မှာ အနိုင်ရခဲ့တာပါ။ ပီအက်စ်ဂျီ အသင်းဟာ နောက်တစ်ပတ် မက်ဒရစ်ကို သွားကစားရမယ့် ဒုတိယအကျော့ မတိုင်ခင် ပါးပါးလေး အသာစီး ရယူထားပါတယ်။

ဒါပေမယ့် ချန်ပီယံလိဂ်မှာ အောင်မြင်မှုရဖို့ ဆိုရင် အကောင်းဆုံး အသင်းတစ်သင်းဖြစ်ပြီး အမှားမလုပ်ရုံနဲ့ မရဘဲ ကွင်းထဲမှာ အသင်းလိုက် စည်းလုံး ညီညွတ်မှု ရှိဖို့ပါ လိုအပ်တယ်လို့ မက်ဆီက အလေးပေး ပြောဆိုခဲ့တာပါ။

“ ချန်ပီယံလိဂ် အောင်မြင်ဖို့က ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ ဒါက အကောင်းဆုံးအသင်းတွေ စုစည်းထားတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပြီး အသေးစိတ် ကိစ္စလေးတွေ၊ အမှားသေးသေးလေးတွေကအစ မင်းကို ထွက်ခွာရစေနိုင်တဲ့ ပြိုင်ပွဲပါ။

ကျွန်တော်တို့ဟာ ဒီမှာ အနိုင်ရဖို့ ကြိုးစားနိုင်တဲ့ အသင်းတစ်သင်းကို ပိုင်ဆိုင်ထားတယ်လို့ ထင်ပါတယ်။ ဒီလို တွေးမိတော့ ကျွန်တော်တို့ စိတ်လှုပ်ရှားနေတယ်။ ကျွန်တော်တို့မှာ အကောင်အထည် ဖော်ရမယ့် မြင့်မားတဲ့ မျှော်လင့်ချက်တွေ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အေးအေးဆေးဆေး လုပ်ရမယ်။

ထပ်ပြောပါမယ်။ ချန်ပီယံလိဂ် အောင်မြင်ဖို့က ခက်တယ်။ အကောင်းဆုံးအသင်းက အမြဲတမ်း အနိုင်ရတာမျိုး မဟုတ်ပါဘူး။ ကြီးကျယ်တဲ့ အသင်းတွေဟာ တကွင်းလုံး ခံစစ်ရော တိုက်စစ်မှာပါ ကောင်းနေဖို့ လိုအပ်တယ်။ တိုက်စစ် ကစားသမားတွေဟာ တိုက်စစ်ဆင်ရာမှာ ကန့်သတ်ထားလို့ မရဘဲ နောက်ခံလူတွေကလည်း ခုခံကာကွယ်ရာမှာ ကန့်သတ် ထားလို့မရသလို ဒါက အသင်းတစ်သင်းရဲ့ ကစားနိုင်စွမ်းအပေါ် မူတည်ပါတယ်။

ကျွန်တော်တို့တွေ ခံစစ်ရော တိုက်စစ်မှာပါ အင်အားတောင့်တင်းပြီး စည်းလုံးတဲ့ အသင်းတစ်သင်းကို ဖော်ဆောင်ရမယ်။ ဒါကပဲ မင်းကို ဆုဖလားတွေ အောင်မြင်ဖို့ ကြိးစားမယ့်၊ အပြည့်အဝ ယှဉ်ပြိုင်နိုင်တဲ့ အသင်းတစ်သင်းဖြစ်စေမှာပါ”လို့ မက်ဆီက ဆိုပါတယ်။

မက်ဆီနဲ့ ပီအက်စ်ဂျီဟာ ရှုံးထွက်အဆင့်မှာ မက်ဒရစ်ကို ကျော်ဖြတ်နိုင်ရင်တောင်မှ ခက်ခဲတဲ့ ခရီးတစ်ခုက ရှေ့မှာ စောင့်ကြိုနေဦးမှာ ဖြစ်ပါတယ်။ မန်စီးတီး၊ လီဗာပူးနဲ့ ဘိုင်ယန်မြူးနစ်တို့ဟာ ဒီရာသီ ဥရောပဖလားရရှိဖို့ ရေပန်းစားမှုမှာ ပီအက်စ်ဂျီထက် သာလွန်နေသလို ချယ်ဆီး၊ ယူနိုက်တက်နဲ့ ဂျူဗင်တပ်တို့ကလဲ ခက်ခဲတဲ့ အတားအဆီးတွေ ဖြစ်စေနိုင်ပါတယ်။