မန်စီးတီးအသင်း ချန်ပီယံလိဂ်ဖလား အနိုင်မရရင် ဂွာဒီယိုလာတို့ အစုအဖွဲ့က ကျရှုံးတာလား

မန်စီးတီးဟာ ဂွာဒီယိုလာလက်အောက်မှာ ပြည်တွင်းဖလားတွေအပေါ် လွှမ်းမိုးနိုင်ခဲ့ပေမယ့် ဥရောပဖလား ကိုင်မြှောက်နိုင်ဖို့ စောင့်ဆိုင်းနေရဆဲဖြစ်ပြီး သူ့လက်ထက်မှာ မန်စီးတီးက ချန်ပီယံလိဂ်ဖလား အနိုင်မရရင်တော့ ကျရှုံးတာပဲလို့ ဒေးလီးမေလ်းက ဖော်ပြပါတယ်။

ဂွာဒီယိုလာကတော့ အပြင်ဘက်ကနေ သူ့အပေါ် ဝေဖန်ပြောဆိုနေတာတွေကို တချက်လေးတောင် ဂရုမစိုက်ဘူးလို့ ဆိုပါတယ်။ “နည်းပြတွေအနေနဲ့ ကျွန်တော်တို့ဟာ ရလဒ်ကောင်းတွေ မရရင် ဝေဖန်ခံရတာ ရိုးနေပါပြီ။ မကြိုက်ရင် နောက်အလုပ်တစ်တခု ပြောင်းရုံပေါ့။ ပြဿနာ မရှိပါဘူး”လို့ ၎င်းက ပြောခဲ့ပါတယ်။

အသက် ၅၁ နှစ်အရွယ်မှာတောင် ဂွာဒီယိုလာဟာ သူ့ကို ကျရှုံးစေချင်သူတွေကြားမှာ မော်ကြွားနေတုန်းပါပဲ။ ဒါကပဲ စီးတီးကို ဥရောပ အကောင်းဆုံးအသင်း ဖြစ်လာစေဖို့ ကူညီပေးခဲ့တာပါ။ ဒီရာသီမှာလည်း ၁၆ သင်းအဆင့်ပွဲက သူတို့အတွက် ပြဿနာ မဟုတ်ပါဘူး။ လုံးဝ ဖျက်ဆီးပစ်နိုင်တဲ့ အသင်းတစ်သင်းအနေနဲ့ စီးတီးဟာ ကွာတားဖိုင်နယ်ကို အလွယ်လေး တက်သွားမှာပါ။

မနှစ်က ရာသီဟာ အရေးပါတဲ့ ခြေလှမ်းတစ်လှမ်း ဖြစ်ခဲ့ပါတယ်။ စီးတီးဟာ ကွာတားဖိုင်နယ်မှာ ဒေါ့မွန်ကို အသာာစီး ရယူခဲ့ပြီး ဆီမီးဖိုင်နယ်မှာလည်း ပီအက်စ်ဂျီကို ထိန်းချုပ်နိုင်ခဲ့တာပါ။ ကွာတားဖိုင်နယ်မှာ ဘယ်လင်ဟမ်ရဲ့ ကံဆိုးစွာ ပယ်ဖျက်ခံခဲ့ရတဲ့ ဂိုးဟာ စီးတီးအတွက် ကံတရားရဲ့ မျက်နှာသာပေးခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ အရင်နှစ်တွေတုန်းက အဲ့ဒီ့လို ကံကောင်းမှုတွေ မရှိခဲ့ပါဘူး။

ချန်ပီယံလိဂ် နောက်ပိုင်းအဆင့်တွေမှာ စွမ်းဆောင်ရည်တင် မကဘဲ ကံကောင်းဖို့လည်း လိုတယ်ဆိုတဲ့ ဆွေးနွေးချက်မှာ ဂွာဒီယိုလာ မမှားပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ၂၀၂၀-၂၁ ရာသီက ဗိုလ်လုပွဲထိ တက်ရောက်နိုင်မှုက စီးတီးကို ယုံကြည်မှုတွေ ရရှိစေခဲ့ပါတယ်။ ဒါက ပိုပြီးမြင့်မားတဲ့ အဆင့်ဆီ တက်လှမ်းနိုင်ဖို့ အစလို့တောင် ထင်ရပါတယ်။

ချယ်ဆီးကို အရေးနိမ့်မှုလို စိတ်ပျက်စရာကိစ္စကြီးကို ကြုံခဲ့ရတယ်။ ဒါပေမယ့် ဒီရာသီမှာလည်း မနှစ်က အရေးနိမ့်မှုကနေ ရုန်းထပြီး အင်္ဂလန်လိဂ်ကို လွှမ်းမိုးထားဆဲ၊ ဥရောပမှာ အရှိန်အဝါ ထွန်းတောက်နေဆဲပါ။ ဘာပဲဖြစ်ဖြစ် ဒီကစားသမားတွေနဲ့အတူ ဦးဆောင်သူ နည်းပြအနေနဲ့ တကယ့် ထိပ်တန်းဂန္တဝင် စာရင်းထဲဝင်ဖို့အတွက် ချန်ပီယံလိဂ်ဖလား အောင်မြင်ဖို့ လိုအပ်ပါတယ်။

“ ကျွန်တော်တို့ဟာ အသင်းခေါင်းဆောင်တွေနဲ့ တခြား အကြောင်းပြချက်တွေကြောင့် မယုံနိုင်စရာ ဟန်ချက်ညီမှု တစ်ခုကို ရရှိထားပါတယ်။ ကျွန်တော်တို့ တတ်နိုင်သလောက် မြင့်မားတဲ့ အဆင့်ဆီရောက်ဖို့ တိုက်ပွဲဝင်သွားမှာပါ။

မနှစ်က ရာသီထက် ပိုကောင်းဖို့လား။ ဟုတ်ပါတယ်။ ဘာလို့လဲ။ သူတို့အပေါ် ကျွန်တော့်ရဲ့ လေးစားမှုက အများကြီး ပိုသာပါတယ်။ ကျွန်တော်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်း သိပါတယ်။ လူတိုင်းဟာ ပါဝင်ကစားပြီး ဒီတိုက်ပွဲမှာ အတူပါဝင်ချင်တဲ့ စိတ်ဆန္ဒရှိပါတယ် ” လို့ ဂွာဒီယိုလာက ပြောဆိုခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ သမိုင်းတစ်လျှောက် အကောင်းဆုံး လူစာရင်းနဲ့ နည်းပြကို ပိုင်ဆိုင်ထားတာပါ။ ဒါကြောင့် ဆုဖလားတွေအတွက် တစ်ပြေးနေဦးမှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဘောလုံးသမိုင်းရဲ့ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းအဖြစ် မှတ်တမ်းဝင်ဖို့ဆိုရင် စီးတီးအတွက် ဥရောပဖလား လိုအပ်မယ်ဆိုတာ ဂွာဒီယိုလာလည်း နားလည်ထားမှာပဲ ဖြစ်ပါတယ်။