ဥရောပရဲ့ ထိပ်တန်း အသင်းကြီးဆိုတာ ဘယ်လိုမျိုးလဲ သက်သေပြသွားခဲ့တဲ့ လီဗာပူး

လက်ရှိ အက်စ်တွန်ဗီလာမှာ ကစားနေတဲ့ အင်တာမီလန် ကစားသမားဟောင်း အက်ရှ်လေယန်းဟာ အီတလီမှာ လီဗာပူးရဲ့ ဥရောပဖလားစိန်ခေါ်မယ့် ခြိမ်းခြောက်မှုကို ပြသခဲ့တဲ့အပေါ် အထင်ကြီးနေခဲ့ပါတယ်။

၁၆ သင်းအဆင့် အတွဲကောင်းတစ်တွဲဖြစ်သလို အဝေးကွင်းမှာ စီးရီးအေ ထိပ်တန်းကလပ်ကို သွားရောက် ရင်ဆိုင်ရာမှာ လီဗာပူးရဲ့ မာကျောမှုက သုံးသပ်သူတွေ အားလံးကို အထင်ကြီးစေခဲ့တယ်။ လီဗာပူးရဲ့ ကစားပုံက သူတို့ရဲ့ အမြင့်ဆုံး စွမ်းဆောင်နိုင်မှုမျိုး မဟုတ်ပေမယ့် အရေးအကြီးဆုံး ရလဒ်ကိုတော့ ယူနိုင်နေဆဲ အနေအထားကို ချီးကျူးနေခဲ့ကြတာဖြစ်ပါတယ်။

“ အင်တာက ဒုတိယပိုင်းမှာ ပိုပြီး တိုက်စစ်ဆင်ဖို့ လိုအပ်ခဲ့ပါတယ်။ နောက်ဆုံးပေးပို့မှု၊ နောက်ဆုံး ဖြတ်တင်ပေးမှုတွေ မရှိတော့ သူတို့ ဂိုးမသွင်းနိုင်ခဲ့ဘူး။ အသင်းကောင်းတွေဆိုတာ အနိုင်ရဖို့ နည်းလမ်းတစ်ခုကို အမြဲရှာဖွေနိုင်ပါတယ်။

လီဗာပူးက အင်တာမီလန်ကို ရင်ဆိုင်ကစားချိန်မှာ ဒါကို လုပ်ပြခဲ့တယ်။ ပထမဂိုးကနေစပြီး သူတို့ ပွဲကို ထိန်းချုပ်ထားခဲ့တယ်။ သူတို့က ဒီရာသီ ချန်ပီယံလိဂ်ကို အနိုင်ရနိုင်တဲ့ စိန်ခေါ်သူ အသင်းတစ်သင်းဆိုတာ သေချာပါတယ် ” လို့ ယန်းက ဆိုပါတယ်။

လီဗာပူး တိုက်စစ်မှူးဟောင်း ရော်ဘီဖောင်လာဟာလည်း သူ့အသင်းဟောင်းထံကနေ အထင်ကြီးစရာ ခြေစွမ်းတွေကို မြင်တွေ့ခဲ့ရတဲ့နောက် မီလန်က နိုင်ပွဲဟာ ဘယ်လို အခြေအနေမှာဖြစ်ဖြစ် လီဗာပူးက အနိုင်ယူနိုင်ဆဲဆိုတဲ့ အရည်အသွေးတွေကို သက်သေပြခဲ့တာလို့ မြင်ပါတယ်။

“ ဒါက အသင်းကြီးတစ်သင်းရဲ့ အမှတ်သညာပဲ။ ကစားပုံ သိပ်မကောင်းဘူး၊ လိဂ်မှာ နောက်ပိုင်း စွမ်းဆောင်ရည်တချို့က ထူးချွန်လှတယ် မဟုတ်ပေမယ့် ရလဒ်ကောင်းတော့ ရယူနိုင်စွမ်း ရှိနေဆဲဖြစ်ပါတယ်။ အဓိကက ရလဒ်ပဲ။ လီဗာပူးက အဲ့ဒါကို ရအောင် ယူခဲ့ပါတယ် ” လို့ ဖောင်လာက ပြောခဲ့တာဖြစ်ပါတယ်။

အင်တာမီလန်ကို အနိုင်ရခြင်းကြောင့် လီဗာပူးအသင်းဟာ ဒီရာသီမှာ ယှဉ်ပြိုင်ကစားထားတဲ့ အုပ်စုအဆင့်ပွဲစဉ် ၆ ပွဲ၊ ရှုံးထွက်အဆင့် ပွဲစဉ် ၁ ပွဲ စုစုပေါင်း ၇ ပွဲကို အနိုင်ရပြီး ရာနှုန်းပြည့် အနိုင်ရလဒ်ကို ရယူထားနိုင်တာဖြစ်တယ်။

အင်တာမီလန်နည်းပြ အင်ဇာဂီကတော့ ပွဲအပြီးမှာ လီဗာပူးရဲ့ အရည်အချင်းကောင်းတွေကို ချီးကျူးခဲ့ပြီး ဥရောပရဲ့ ထိပ်တန်း အသင်းနှစ်သင်းထဲက တစ်သင်းလို့ မှတ်ချက်ပေးခဲ့တယ်။ ဒါပေမယ့်လို့ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့တဲ့ သူတို့ အသင်းဟာ ရလဒ်တစ်ခုခုတော့ ရသင့်ပါတယ်လို့ ပွဲအပြီးမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။