မန်စီးတီးရဲ့ ဒီရာသီ ချန်ပီယံလိဂ်ဖလား အနိုင်ရရေးကို ရပ်တန့်နိုင်တဲ့ အသင်းကို ဂွာဒီယိုလာ ပြော

ဒီရာသီမှာ လီဗာပူးဟာ မန်စီးတီးတို့ ချန်ပီယံလိဂ်ဖလား အောင်မြင်နိုင်ဖို့ အခွင့်အရေးကို ရပ်တန့်နိုင်တဲ့ အသင်းဖြစ်တယ်လို့ ပက်ဂွာဒီယိုလာက ယုံကြည်နေပါတယ်။

စီးတီးဟာ အင်္ဂါနေ့က စပို့တင်းလစ္စဘွန်းနဲ့ပွဲမှာ ဘာနာဒိုဆေးဗားရဲ့ ဂိုး ၂ဂိုးအပြင်၊ မာရက်ဇ်၊ ဖိုဒန်၊ စတာလင်တို့ရဲ့ ဂိုးတွေနဲ့အတူ ၅-၀ နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ စီးတီးဟာ အခုဆိုရင် ကွာတားဖိုင်နယ်ကို ခြေတစ်ဖက် လှမ်းထားခဲ့ပြီဖြစ်ပြီး နောက်လ ဒုတိယအကျော့အတွက် ဂွာဒီယိုလာအနေနဲ့ သူ့အသင်းမှ အဓိကကစားသမား တချို့ကို ကောင်းကောင်းပေးနားလို့တောင် ရပါတယ်။

အဆိုပါနိုင်ပွဲဟာ အခုချိန်မှာ ဥရောပရဲ့ အကောင်းဆုံးအသင်းလို့တောင် ပြောလို့ရလောက်တဲ့ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံတွေဆီက စိတ်လှုပ်ရှားစရာ အသင်းလိုက် စွမ်းဆောင်ရည်တစ်ခု ဖြစ်ခဲ့ပါတယ်။

မနှစ်က ဖိုင်နယ်မှာ ချယ်ဆီးကို စိတ်ပျက်ဖွယ် ရှုံးနိမ့်ခဲ့တဲ့နောက် ကလပ်သမိုင်းမှာ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်လား အောင်မြင်ဖို့ ရည်မှန်းထားတဲ့ စီးတီးဟာ လစ္စဘွန်းမှာ ၅ ဂိုးပြတ် အနိုင်ရခဲ့တဲ့နောက် အနိုင်ယူဖို့ ခက်ခဲတဲ့ အသင်းတစ်သင်းနဲ့ တူလာပါတယ်။ လက်ရှိ ပုံစံကောင်းရနေတဲ့ စီးတီးကို အနိုင်ယူနိုင်မယ့် အသင်းများရှိမလားလို့ ပွဲအပြီးမှာ ဂွာဒီယိုလာကို ဂိုးသမားဟောင်း ပီတာရှမိုက်ကယ်က မေးမြန်းခဲ့ပါတယ်။

“ လက်ရှိပုံစံအရ မင်းတို့ဟာ ပရီးမီးယားလိဂ်မှာတောင် အခွင့်အရေးတိုင်းနီးပါးကို ဂိုးအဖြစ် ပြောင်းလဲနိုင်နေတယ်။ မင်းတို့ကို အနိုင်ယူနိုင်မယ့် အသင်းများ ရှိမလား” လို့ ရှမိုက်ကယ် မေးခဲ့တာပါ။

ဒါနဲ့ပတ်သက်ပြီး ဂွာဒီယိုလာက “လီဗာပူးပေါ့။ သူတို့က ကျွန်တော်တို့နောက် ၆ မှတ် အကွာမှာ ရှိနေပါတယ်။ နောက်ဆုံး ဘောလုံးရာသီ အနည်းငယ်အတွင်း သူတို့ဟာ ကျွန်တော်တို့ရဲ့ အကြီးမားဆုံး ပြိုင်ဘက်တွေ ဖြစ်ခဲ့ပြီး အမြဲတမ်း စိတ် အနှောင့်အယှက်ပေးတဲ့အသင်း ဖြစ်ခဲ့ပါတယ်။ သူတို့က ဥရောပမှာ သိပ်ကောင်းတဲ့ အသင်းတစ်သင်းပါ ” လို့ ဖြေကြားခဲ့ပါတယ်။

ဟုတ်ပါတယ်။ ဂွာဒီယိုလာဟာ ပွဲပြီးအင်တာဗျူးမှာ လီဗာပူးကို ‘စိတ်အနှောင့်အယှက် ဖြစ်စရာအသင်း’လို့ ပြောခဲ့တာပါ။ သူက လီဗာပူးကို ဝေဖန်ခြင်း မဟုတ်ဘဲ ချီးကျူးတဲ့သဘော ပြောဆိုခြင်းဖြစ်ပါတယ်။ ဒါပေမယ့်လို့ လီဗာပူးဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ စီးတီးရဲ့နောက် ၆ မှတ်ကွာဟနေတယ်လို့ သူပြောခဲ့တာကတော့ မမှန်သေးပါဘူး။

ကလော့ပ်တို့အသင်းဟာ လက်ကျန်တစ်ပွဲကို အနိုင်ရရင် အမှတ်ကွာဟချက်ကို ၆ မှတ်အထိ လျှော့ချနိုင်မှာဖြစ်ပေမယ့် အခုတော့ ၉ မှတ် ကွာနေပါသေးတယ်။ ဒါဟာ ပက်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးများလားဆိုတာတော့ ဝေခွဲရခက်ခဲလှပါတယ်။

လီဗာပူးဟာလည်း ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ အင်တာမီလန်ကို ၂-၀ နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါဟာ ဥရောပဖလား ၆ ဆုရှင်အသင်းအနေနဲ့ ဒီရာသီမှာ ထပ်မံပြီး ဖလားစိန်ခေါ်ဦးမယ် ဆိုတာကို စီးတီးအပါအဝင် ပြိုင်ပွဲထဲက အသင်းတိုင်းကို ခြိမ်းခြောက်ခဲ့တာပဲ ဖြစ်ပါတယ်။