ခြေစွမ်းအကောင်းဆုံး မဟုတ်လည်း လီဗာပူးက နိုင်တာပဲလို့ အိုဝင်နဲ့ ဖာဒီနန် မှတ်ချက်ပေး

လီဗာပူးအသင်းက အကောင်းဆုံးခြေစွမ်း မပြနိုင်ပေမယ့်လည်း ပွဲကို အနိုင်ရအောင်တော့ လုပ်ပြနိုင်ဆဲပါပဲလို့ မိုက်ကယ်အိုဝင်နဲ့ ဖာဒီနန်တို့က ထုတ်ပြောခဲ့ပါတယ်။

အီတလီမြေမှာ သွားကစားရတဲ့ ချန်ပီယံလိဂ် ရှုံးထွက်ပွဲမှာ လီဗာပူးက ပွဲကို ဦးဆောင်ဖို့ ခက်ခဲနေခဲ့တယ်။ သွင်းဂိုးရဖို့ ရုန်းကန်ခဲ့ရပေမယ့် ဒုတိယပိုင်းမှာ ဖာမင်နိုနဲ့ ဆာလာတို့က သွင်းဂိုးတွေ ရယူပေးခဲ့ကာ ပထအကျေျာ့ကို အနိုင်ဖြင့် စတင်နိုင်ခဲ့တာဖြစ်ပါတယ်။

အင်တာမီလန်နဲ့ပွဲမှ လီဗာပူးရဲ့ စွမ်းဆောင်ရည်အတွက် မိုက်ကယ်အိုဝင်က ” လီဗာပူးရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တော့ မဟုတ်ပါဘူး ဒါပေမယ့် သူတို့က ကစားပွဲထဲမှာ ဆက်ရှိနေပြီး ရလဒ်တွေကို ယူသွားပါတယ်။ လီဗာပူး ခံစစ်က ကစားသမားတွေက တကယ်ကို ကမ္ဘာအဆင့်တွေပါ။

သူတို့ရဲ့ တိုက်စစ်ပိုင်းမှာ အရည်အချင်းတွေ သိပ်ကောင်းတာကြောင့် သွင်းဂိုး တစ်ဂိုး (သို့) နှစ်ဂိုးကတော့ ရရသွားပါတယ်။ ယာဂင်ကလော့ပ်အသင်းရဲ့ အကောင်းဆုံး စွမ်းဆောင်ရည် မဟုတ်ပေမယ့် သူတို့ကတော့ ဒီရလဒ်ကို ကျေနပ်နေပါလိမ့်မယ် ” ဆိုပြီး မှတ်ချက်ပေးခဲ့တယ်။

ဒီပွဲမှာတော့ လီဗာပူးခံစစ်ဟာ အတော်လေးကို မာကျောခဲ့ပြီး ခံစစ်မှူး ဗန်ဒိုက်ရဲ့ အသင်းဖော်တွေကို ဦးဆောင်မှုနဲ့အတူ အင်တာမီလန်ဟာ သူတို့ကို ကျော်ဖို့ ဘယ်လိုမှ ဟာကွက် မရှာနိုင်ခဲ့ပါဘူး။

ဖာဒီနန်ကလည်း ” ၂-၀ ဆိုတဲ့ ရလဒ်က သူတို့ကို ကျေနပ်စေမယ်လို့ ထင်ပါတယ်။ ချန်ပီယံလိဂ်ရဲ့ ရှုံးထွက်လိုအဆင့်မှာ အဝေးကွင်းအတွက် အရေးကြီးဆုံး စွမ်းဆောင်ရည်က ကောင်းမွန်တဲ့ ခံစစ်ပါပဲ။ လီဗာပူးအတွက် ဒီကနေ့မှာ သိပ်ကောင်းတဲ့ ခံစစ်ကို ရရှိခဲ့ပါတယ်။ ဗန်ဒိုက်တို့က တကယ်ကောင်းခဲ့ပြီး ဖာဘင်ညိုကောပါပဲ။

ကစားပွဲတွေမှာ မုန်းတိုင်းထန်တဲ့ အခြေအနေတွေ ရှိပါတယ်။ သူတို့က ဖိအားတွေအောက် ရောက်သွားတဲ့ အခိုက်အတန့်တွေရှိပေမယ့် ဒီလို အခြေအနေကနေ ဖောက်ထွက်ဖို့ အတွေ့အကြုံတွေ ရှိပါတယ်။ နောက်ပြီး သူတို့လိုချင်တဲ့ အခွင့်အရေးအတွက် စောင့်ဆိုင်းဖို့ကောပါပဲ ” လို့ ချီးကျူးခဲ့တာဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် ပြီးခဲ့တဲ့ အုပ်စုတွင်း ပွဲစဉ် ၆ ပွဲလုံးကို အနိုင်ရထားတဲ့ လီဗာပူးဟာ ဒီရာသီ ချန်ပီယံလိဂ်ပွဲ ၇ ပွဲကစား ၇ ပွဲနိုင်ရလဒ်နဲ့အတူ ရာနှုန်းပြည့် နိုင်ပွဲကို ရယူထားနိုင်တာပဲ ဖြစ်ပါတယ်။