ချန်ပီယံလိဂ်ဖလား အနိုင်ရရမယ်ဆိုတဲ့ တာဝန်မျိုးတော့ မရှိပါဘူးလို့ ကန်ဆယ်လို ပြော

မန်စီးတီးကို ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ ထပ်တွေ့ရပြန်ပါပြီ။ သူတို့ဟာ ရှုံးထွက်အဆင့်မှာ နှစ်တိုင်း စိတ်ပျက်စရာမျိုးစုံကို ကြုံခဲ့ရပါတယ်။

မနှစ်ကတော့ စိတ်ပျက်စရာတွေကို ဖောက်ထွက်လို့ ဖိုင်နယ်ထိ တက်ခဲ့ပေမယ့် ချယ်ဆီးကို ရှုံးခဲ့တာ ကလပ်သမိုင်းမှာ ပထမဆုံးအဖြစ် ဥရောပဖလား ကိုင်မြှောက်နိုင်ဖို့ စောင့်ဆိုင်းနေရဆဲဖြစ်ပါတယ်။ ၁၆ သင်းအဆင့်ပွဲက မန်စီးတီးအတွက် ပြဿနာ မဟုတ်ပါဘူး။ လုံးဝ ဖျက်ဆီးပစ်နိုင်တဲ့ အသင်းတစ်သင်းကို ရင်ဆိုင်ပြီး စီးတီးဟာ ကွာတားဖိုင်နယ်ကို အလွယ်လေး တက်သွားမှာပါ။

ဒါပေမယ့် မန်စီးတီးအတွက် အဓိက စိန်ခေါ်မှုဖြစ်လာမှာက နောက်အဆင့်တွေမှာ ယှဉ်ပြိုင်ရမယ့် ဥရောပထိပ်သီးတွေကို အနိုင်ယူဖို့ပဲ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဟာ အဆင့်ပိုမြင့်လာလေ အစဉ်အလာ ကလပ်တွေဖြင့် ထိပ်တိုက်တွေ့လေဖြစ်ကာ ဒီစိန်ခေါ်မှုတွေကို မန်စီးတီးအသင်း ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဘယ်အစွန်လူ ကန်ဆယ်လိုက သူတို့အသင်းဟာ ချန်ပီယံလိဂ်ဖလား အနိုင်ရမှဖြစ်မယ်ဆိုတဲ့ ဖိအားတော့ မရှိပါဘူးလို့ ပြောပါတယ်။ ဒါပေမယ့်လို့ မန်စီးတီးလို ကလပ်အသင်းကြီးက ဒီဖလားအတွက် အားထုတ်ယှဉ်ပြိုင်ဖို့ လိုအပ်ကြောင်း ဝန်ခံပါတယ်။

“ မန်စီးတီးအသင်းဟာ အရာအားလုံးကို အောင်မြင်ခဲ့ပေမယ့် ဥရောပဖလားတော့ မရသေးဘူး။ ကျွန်တော်တို့ အနေနဲ့ ဒါကို အောင်မြင်ဖို့ တာဝန်ရှိတာ မဟုတ်ပေမယ့် ရာသီတိုင်း ကျွန်တော်တို့ ကြိုးစားပါတယ်။ မန်စီးတီးက ကြီးမားတဲ့ အသင်းတစ်သင်းဆိုတာ သိပါတယ်။

ကျွန်တော်တို့ရဲ့ အရည်အသွေးကို ယုံကြည်တယ်။ ကျွန်တော်တို့က ကမ္ဘာပေါ်က ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်တယ်ဆိုတာ သိပါတယ်။ တစ်ပွဲချင်းစီကို ချဉ်းကပ်သွားမှာပါ။ ကျွန်တော်တို့မှာ ဥရောပ အကောင်းဆုံး အသင်းအဖွဲ့တစ်ခု ရှိပေမယ့် ဒီဖလားကို အောင်မြင်ဖို့က တာဝန်တစ်ခု မဟုတ်ပါဘူး။

ကျွန်တော်တို့က ထိပ်တန်းအဆင့် ကစားသမားတွေပါ။ ကျွန်တော်တို့အပေါ် လူတွေ ထားထားတဲ့ ဖိအားတွေက ကောင်းပါတယ်။ ဒါက အရမ်းခက်ခဲတဲ့ ပြိုင်ပွဲဖြစ်ပေမယ့် ကျွန်တော်တို့ ကြိုးစားနေပါတယ်”လို့ နောက်ခံလူ ကန်ဆယ်လိုက ဆိုပါတယ်။

မနှစ်က ရာသီဟာ မန်စီးတီးအတွက် အရေးပါတဲ့ ခြေလှမ်းတစ်လှမ်း ဖြစ်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၂၀၂၀-၂၁ ရာသီက ချန်ပီယံလိဂ် အတွေ့အကြုံဟာ စီးတီးကို ယုံကြည်မှုတွေ ရရှိစေခဲ့ပါတယ်။ ဒီရာသီမှာ ပိုပြီးမြင့်မားတဲ့ အဆင့်ဆီ တက်လှမ်းနိုင်ပြီး ချန်ပီယံလိဂ်ဖလား ကိုင်မြောက်နိုင်မယ်လို့ ရေပန်းစားမှုတွေကို လက်တွေ့ လုပ်ဆောင်ပြဖို့ အချိန်ကျလာခဲ့ပြီ ဖြစ်ပါတယ်။