ချန်ပီယံလိဂ်မှာ အစွမ်းကုန် ကြိုးစားခဲ့တာ ရီးရဲလ်ဘက်က အထင်ကြီးအောင်လား မေးခံရတဲ့ ဘာပေး

အမ်ဘာပေဟာ ရပ်တန့်လို့မရပဲ ဥရောပမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်တယ်လို့ ရီးရဲလ်မက်ဒရစ် နည်းပြ ကာလို အန်ဆလော့တီက ယုံကြည်နေပါတယ်။

အမ်ဘာပေဟာ နွေရာသီမှာ စာချုပ်သက်တမ်းကုန်ရင် မက်ဒရစ်ထံ ပြောင်းရွှေ့လာဖို့ ထင်ကြေးပေးခံထားရပေမယ့် မနေ့ကပွဲမှာ ပီအက်စ်ဂျီအတွက် အစွမ်းကုန် ပေးဆပ်ကစားခဲ့ပြီး ၉၄ မိနစ်မှာ သူ့အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ ပီအက်စ်ဂျီရဲ့ ဘယ်တောင်ပံတစ်လျှောက် သောင်းကျန်းနေခဲ့ပြီး သူ့ရဲ့ အံ့ဩစရာ စွမ်းဆောင်ရည်တွေနဲ့အတူ နောက်ဆုံးစက္ကန့်ပိုင်းအတွင်း အနိုင်ဂိုး သွင်းယူခဲ့ပြီး အန်ဆလော့တီရဲ့ အသင်းကို ရှုံးနိမ့်စေခဲ့တာ ဖြစ်ပါတယ်။

“ အမ်ဘာပေက ဥရောပဘောလုံးလောကမှာ အကောင်းဆုံး ကစားသမားပါ။ သူက ရပ်တန့်လို့ မရနိုင်ဘူး။ ကျွန်တော်တို့တွေ သူ့ကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ မီလီတာအိုက အရမ်းကို ကောင်းကောင်းလုပ်ခဲ့ပေမယ့် ဘာပေးက အမြဲတမ်း တစ်ခုခုကို ဖန်တီးပြတတ်တဲ့ ကစားသမားမျိုးပါ ” လို့ အန်ဆလော့တီက ဆိုပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ၉၃ မိနစ်အထိ ခံစစ်ပိုင်း ကြံ့ကြံ့ခံနိုင်ခဲ့ပြီး ဂိုးသမား ကော်တွိုက်စ်ဟာ မက်ဆီရဲ့ ပင်နယ်တီကိုတောင် ကာကွယ်ခဲ့ပေမယ့် အဆုံးသတ်ခါနီးမှ ပေးလိုက်ရတဲ့ဂိုးကြောင့် ဒုတိယအကျော့ကျရင် မဖြစ်မနေ အနိုင်ရဖို့ လုပ်ရတော့မှာ ဖြစ်ပါတယ်။

“ ကျွန်တော်တို့ ကောင်းကောင်းမကစားခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က အဆုံးမသတ်သေးပါဘူး။ ဒုတိယအကျော့မှာ ပိုပြီး ဖိအားပေးဖို့ လိုတယ်။ ကျွန်တော်တို့တွေ ရလဒ်ဘုတ်ပေါ်မှာ နောက်ကျကျန်နေပြီး ဘောလုံးကိုင်ရတဲ့အချိန်မှာ ပိုကောင်းကောင်း ထိန်းချုပ်ဖို့ လိုအပ်ပါတယ်။ ဒီနေ့မှာ အဲ့လို မလုပ်ခဲ့ပါဘူး။

ကျွန်တော်တို့တွေ ဘောလုံးနဲ့မတူ ရုန်းမထွက်နိုင်ခဲ့ဘူး။ သူတို့ရဲ့ မြင့်မားတဲ့ ဖိအားပေးမှုကြောင့် ပေးပို့မှုများစွာက လွဲချော်ခဲ့တယ်။ သူတို့တွေ အဲ့ဒါကို ကောင်းကောင်းလုပ်ခဲ့ပြီး ကျွန်တော်တို့ကို အခက်အခဲ ဖြစ်စေခဲ့ပါတယ်” လို့ အန်ဆလော့တီက ဝန်ခံခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ အထင်ကြီးမှု ရချင်လို့ ကြိုးစားခဲ့တာလားလို့ မေးမြန်းခံခဲ့ရာချိန်မှာ အမ်ဘာပေက “ အနာဂတ်ကို မဆုံးဖြတ်ရသေးပါဘူး။ ကျွန်တော်က ပီအက်စ်ဂျီအတွက် ကစားပေးနေပြီး ဒါက ကမ္ဘာ့အကောင်းဆုံး ကလပ်တစ်ခုပါ။ ဒီပွဲက ကျွန်တော့် အနာဂတ်အပေါ် လွှမ်းမိုးမှု မရှိပါဘူး။ ကျွန်တော် အကောင်းဆုံး ပေးဆပ်ကစားခဲ့ပြီး နောက်ရာသီကျမှ ဘာဖြစ်မလဲ ကြည့်ရမှာပါ ” လို့ ဖြေကြားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ နွေရာသီအတွင်း သူ့အတွက် ကမ်းလှမ်းမှု နှစ်ကြိမ်လုပ်ခဲ့ပေမယ့် ပယ်ချခံခဲ့ရပြီး ဒုတိယအကြိမ် ကမ်းလှမ်းမှုမှာ ပေါင် ၁၅၄ သန်းထိ ပေးခဲ့တာပါ။ ဒါပေမယ့် ဇွန်လမှာ သူ့စာချုပ်ကုန်ရင်တော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင့်ခေါ်ယူဖို့ သူတို့က မျှော်လင့်ထားပါတယ်။

ဆက်လက်ပြီး အမ်ဘာပေက “ အပြောင်းအရွှေ့နဲ့ပတ်သက်တဲ့ ထင်ကြေးပေးမှုတွေကို ဘယ်လို လျစ်လျူရှုမလဲဆိုတာက လွယ်ကူပါတယ်။ ကိုယ်ကစားရမှာကိုသာ ကစားပါ။ ကျွန်တော်ကို မေးခွန်းတွေ အများကြီး မေးကြတယ်။ အများကြီး ပြောဆိုကြတယ်။ ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ်လို ထိပ်သီးအသင်း နှစ်သင်းအကြောင်း ပြောတယ်။ ကျွန်တော်က ပီအက်စ်ဂျီကစားသမားပါ။ ကျွန်တော် ဒီမှာ ပျော်ရွှင်နေပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။