ယူနိုက်တက် ချန်ပီယံလိဂ် ယူမယ် ဆိုလို့ ခွက်ခွက်လန် ဝိုင်းရယ်ခဲ့ကြတဲ့ ကာရေဂါ၊ ရစ်ချက်နဲ့ အွန်နရီ

ဒီရာသီကုန်မှာ ဟယ်ရီ မက်ဂွဲရားက ယူနိုက်တက်အတွက် ချန်ပီယံလိဂ်ဖလား ကိုင်မြောက်နိုမယ်ဆိုတဲ့ စကားကို ဘယ်သူတွေက ယုံကြည်ကြမလဲ? ယူနိုက်တက် ပရိသတ်တွေတောင်မှ ဒါကို ဖြစ်နိုင်မယ်လို့ ယုံကြည်ဖို့ ခက်ခဲပါလိမ့်မယ်။

ဖလားပြိုင်ပွဲဆိုတာက အမှတ်ပေးပြိုင်ပွဲလို ကာလရှည် စွမ်းဆောင်ရည်နဲ့အတူ အဆုံးအဖြတ်ပေးတာ မဟုတ်သလို အမြဲတမ်းတော့ အကောင်းဆုံး အသင်းတွေက အနိုင်ရတာ မဟုတ်ဘဲ ထိပ်တိုက် ယှဉ်ပြိုင်ရတဲ့ ကလပ်ကို တစ်ပွဲတိုး အနိုင်ရရေး စွမ်းဆောင်နိုင်ဖို့က အဓိက ဖြစ်ပါတယ်။

ဒီရာသီမှာ သုံးသပ်သူ အများစုက မန်စီးတီး၊ လီဗာပူး၊ ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီတို့ထဲက တစ်သင်းဟာ ချန်ပီယံလိဂ်ဖလား အနိုင်ရမယ်လို့ ယုံကြည်ကြတယ်။ ဖာဒီနန်လို ယူနိုက်တက်ဂန္တဝင်တွေ ကိုယ်တိုင်တောင်မှပဲ မန်စီးတီးနဲ့ လီဗာပူးတို့ကပဲ ချန်ပီယံလိဂ်ဖလား အနိုင်ရဖိုပ ရေပန်းစားတာကို ဝန်ခံထားခဲ့ပါတယ်။

ဒါပေမယ့်လို့ CBS ရုပ်သံကနေ မန်စီးတီး ကစားသမားဟောင်း မီဂါရစ်ချက်က ချန်ပီယံလိဂ်ဖလား အနိုင်ရရေးကိစ္စကို ယူနိုက်တက် ကစားသမားဟောင်း ပီတာရှမိုက်ကယ်ကို မေးရာမှာ ဒိန်းမတ်ဂိုးသမားဟောင်းက ယူနိုက်တက် အနိုင်ရနိုင်တယ်လို့ ထုတ်ပြောခဲ့တာပါ။ ဒါပေမယ့်လို့ အွန်နရီ၊ ကာရေဂါနဲ့ မီဂါရစ်ချက်တို့ ဝက်ဝက်ကွဲ လှောင်ရယ်မှုနဲ့အတူ ပွဲဖြစ်သွားခဲ့ပါတယ်။

ယူနိုက်တက်တို့ ချန်ပီယံလိဂ်ဖလား အနိုင်ရနိုင်တယ်လို့ မြင်ထားတာက ရှမိုက်ကယ် တစ်ဦးတည်းသော မဟုတ်ပါဘူး။ ယူနိုက်တက် ကွင်းလယ်လူ ဖာနန်ဒက်စ်ကလည်း ဒီရာသီမှာ သူတို့အသင်း ချန်ပီယံလိဂ်ဖလား အောင်မြင်နိုင်တယ်လို့ ယုံကြည်မှု ရှိထားသူပါ။

ပေါ်တူဂီကွင်းလယ်လူက ” ပရီးမီးယားလိဂ် ဖလားကတော့ ဒီရာသီ အလှမ်းသိပ်ဝေးသွားပြီပေါ့။ ကျနော်တို့ အရှိတရားကိုပဲ မြင်အောင် ကြည့်၊ လက်ခံရပါမယ်။ ကျနော်တို့ ထိပ်သီး လေးသင်းထဲ ဝင်ပြီး နောက်ရာသီ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ကစားခွင့် ရအောင်ပဲ လုပ်ရမယ်။

တချိန်တည်းမှာပဲ ချန်ပီယံလိဂ်ဖလားရဖို့ ကြိုးစားရမယ်။ လူတွေက ကျနေ်ာတို့ ဒီဆုဖလား ရချင်တာနဲ့ ပတ်သတ်ပြီး ဘယ်လိုတွေ ပြောပြော တွေးတွေး ကျနော်ကတော့ ဂရုမစိုက်ဘူး။ ကျနော်တို့မှာ ဗိုလ်စွဲနိုင်ဖို့ အခွင့်အရေး ရှိတယ်လို့ ယုံကြည်တယ်။ အဲဒီအတွက် အရည်အချင်းတွေလည်း ရှိတယ်။

အနည်းဆုံး အဲဒီပြိုင်ပွဲထဲမှာ ဆက်ကစားဖို့ ကျနေ်ာတို့ ရှိနေသေးတယ်ဗျာ။ အဲဒီ ပြိုင်ပွဲကနေ မထွက်ရမချင်း ဗိုလ်စွဲနိုင်တယ် လို့ ယုံကြည်ချက် ထားရမယ်။ ” လို့ ဖာနန်ဒက်စ်က ပြောဆိုခဲ့သေးတာပါ။

ရာသီကုန်မှာ ယူနိုက်တက်က ချန်ပီယံလိဂ်ဖလား ကိုင်မြောင်ပြီး သူတို့ရဲ့ ၄ ကြိမ်မြောက် ဥရောပဖလားကို မန်ချက်စတာမြေထံ သယ်ဆောင်သွားနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။