ဒီရာသီ ချန်ပီယံလိဂ်ဖလားကို အနိုင်ရနိုင်တဲ့ ကလပ် ၂ သင်းအား ပီတာခရော့ ရွေးထုတ်

ဥရောပပြိုင်ပွဲမှာ ပရီးမီးယားလိဂ်ကပဲ ဆက်လက်လွှမ်းမိုးသွားလိမ့်မယ်လို့ ပီတာခရော့ချ်က ထင်မြင်နေပြီး ဒီရာသီ ချန်ပီယံလိဂ်ဖလားရဖို့ ရေပန်းစားတဲ့အသင်းအဖြစ် မန်စီးတီးနဲ့ လီဗာပူးတို့ကို ရွေးချယ်ခဲ့ပါတယ်။

စီးတီးဟာ အင်္ဂါနေ့ညမှာ စပို့တင်းလစ္စဘွန်းနဲ့ ရှုံးထွက်အဆင့်ပွဲစဉ် စတင်ကစားခဲ့ကာ ၅-၀ ဖြင့် အနိုင်ရခဲ့တာဖြစ်တယ်။ လီဗာပူးကတော့ နောက်တစ်ရက်မှာ အင်တာမီလန်နဲ့ ရင်ဆိုင်ရမှာပါ။ မနှစ်က ဖိုင်နယ်မှာ စီးတီးကို အနိုင်ရခဲ့တဲ့ လက်ရှိချန်ပီယံ ချယ်ဆီးဟာ နောက်တစ်ပတ်မှာ ပြင်သစ်ချန်ပီယံ လိုင်လီနဲ့ ကစားရမှာ ဖြစ်ပါတယ်။

မန်စီးတီးနဲ့ လီဗာပူးတို့အပေါ် အများကြီး မျှော်လင့်ထားသလို လက်ရှိ ချန်ပီယံ ချယ်ဆီးဟာ ဖလား ကာကွယ်ဖို့ အခွင့်အရေးတစ်ခု ရှိနေပြီး စနေနေ့က ကလပ်ကမ္ဘာ့ဖလား ကိုင်မြှောက်ခဲ့ပြီးနောက် ယုံကြည်မှုအပြည့် ဖြစ်နေလိမ့်မယ်လို့ ခရော့ချ်က ထင်မြင်နေပါတယ်။

“ အင်္ဂလန်ဘောလုံးလောကအတွက် စိတ်လှုပ်ရှားစရာ ကာလတစ်ခုကို ရရှိနေပြီး လက်ရှိ ချန်ပီယံလိဂ်မှာ ပရီးမီးယားလိဂ်က လွှမ်းမိုးထားပါတယ်။ ၃ နှစ်အတွင်း အင်္ဂလန်အသင်းတွေပဲ ဖိုင်နယ်မှာ နှစ်ကြိမ်တွေ့ခဲ့တာ သက်သေပဲ။ မေ ၂၈၊ စိန့်ပီတာစဘတ်က ဖိုင်နယ်ပွဲကျရင်လည်း ၄ နှစ်အတွင်း ၃ ကြိမ်မြောက် အင်္ဂလန်အသင်းတွေရဲ့ ဖိုင်နယ်ပွဲကို မြင်တွေ့ရနိုင်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေကို ကျော်နိုင်တဲ့ အသင်းတွေ သိပ်မရှိပါဘူး။ လီဗာပူးနဲ့ မန်စီးတီးကတော့ ကျွန်တော် အကြိုက်ဆုံးပဲ။ ဥရောပမှာ သူတို့ကို ခွဲဖို့ ခက်ခဲပါတယ်”လို့ ပီတာခရော့ချ်က ပြောဆိုခဲ့တာပါ။

၂၀၁၉ ဖိုင်နယ်မှာ လီဗာပူးဟာ စပါးကို အနိုင်ယူပြီး သူတို့ရဲ့ ၆ ကြိမ်မြောက် ဥရောပဖလားကို ဆွတ်ခူးခဲ့တာဖြစ်ပြီး မန်စီးတီးကတော့ ပထမဆုံး ဥရောပဖလားရဖို့ ကြိုးစားနေရတုန်း ဖြစ်ပါတယ်။ သူတို့ နှစ်သင်းအပြင် ချယ်ဆီးကလည်း ဥရောပရဲ့ အမြင့်ဆုံး ဆုတံဆိပ်ကို ထပ်မံအောင်မြင်ဖို့ အခွင့်အရေးကောင်းရှိတယ်လို့ ခရော့ချ်က ဆိုပါတယ်။

“ ပြီးခဲ့တဲ့အပတ်က ကမ္ဘာ့ချန်ပီယံဖြစ်ထားတဲ့ ချယ်ဆီးဟာလည်း ဖလားကာကွယ်ဖို့ အခွင့်အရေးတစ်ခုရှိပါတယ်။ ဂျိုကိုးလ်က လိုင်လီက သူတွေနဲ့ အဆက်အသွယ် ရှိနေဆဲပါ။ သူတို့က ၁၆ သင်းအဆင့်မှာ သူတို့ရဲ့ အောင်မြင်နိုင်ခြေကို စိတ်ကူးယဉ်နေကြပေမယ့် သူတို့အတွက် ချယ်ဆီးက အရမ်း အင်အားကြီးလွန်းပါတယ် ” လို့ မှတ်ချက်ပေးခဲ့တယ်။