ပလပ်စတစ်ဖလားတစ်လုံးအတွက် အောင်ပွဲခံနေတဲ့ ချယ်ဆီးကို အသင်းသားဟောင်း ဝေဖန်

ချယ်ဆီးကစားသမားဟောင်း ခရစ်ဘာလေက ကလပ်ကမ္ဘာဖလားအတွက် ပရိသတ်တွေနဲ့ အသင်းရဲ့ အောင်ပွဲခံပုံက လွန်လွန်ကျူးကျူး အဆင့်မှာရှိတယ်လို့ ထင်မြင်ပြီး နာကျင်ဖွယ် စကားလုံးတွေဖြင့် ထိုးနှက်ခဲ့ပါတယ်။

ကလပ်ကမ္ဘာဖလားဟာ တိုက်ကြီးတွေရဲ့ ချန်ပီယံတွေမှ ယှဉ်ပြိုင်ခွင့်ရတဲ့ ဖီဖာ ဦးဆောင်တဲ့ ပြိုင်ပွဲတစ်ရပ်ဖြစ်ပါတယ်။ ဒါပေမယ့်လို့ အင်္ဂလန်မှာတော့ ကလပ်ကမ္ဘာဖလားကို ကာရာဘောင်းဖလားလောက်တောင် တန်ဖိုးထားခြင်း မခံရပါဘူး။

ဥပမာအားဖြင့် ၂၀၁၉ တုန်းက လီဗာပူးအသင်းဟာ ကလပ်ကမ္ဘာဖလားကို ယှဉ်ပြိုင်ရစဉ် ကာရာဘောင်းပွဲကို ရွှေ့ဆိုင်းဖို့ တောင်းဆိုခဲ့စဉ် ငြင်းဆန်ခံခဲ့ရတာကြောင့် ကာရာဘောင်းကို ယူ-၂၃ အသင်းဖြင့် ယှဉ်ပြိုင်ကာ ၅-၀ ဖြင့် အရေးနိမ့်ခဲ့တယ်။ ဒါပေမယ့်လို့ စီနီယာအသင်းကတော့ ကလပ်ကမ္ဘာဖလားကို အနိုင်ရခဲ့ပါတယ်။

အင်္ဂလန်ဘောလုံးသမားဟောင်းတွေနဲ့ သုံးသပ်သူတွေက ကမ္ဘာချန်ပီယံလီဗာပူးအဖြစ် ချီးကျူးရမယ့်အစား အင်္ဂလန်အစဉ်အလာ ဖလားပြိုင်ပွဲကို မလေးစားတဲ့ ယာဂင်ကလော့ပ်လို့ စွပ်စွဲခံတာပါ။ ဒီတစ်ကြိမ်မှာလည်း ကလပ်ကမ္ဘာဖလားပြိုင်ပွဲကို အနိုင်ရခဲ့တဲ့ ချယ်ဆီးကို ခရစ်ဘန်လေ အပါအဝင် ဗြိတိန်သုံးသပ်သူတွေက ဝေဖန်မှုတွေ လုပ်ခဲ့ကြတာဖြစ်တယ်။

” သူတို့ ဒီပြိုင်ပွဲ ကစားဖို့ ဘာလို့ အသည်းအသန် သွားယှဉ်ပြိုင်ခဲ့လဲဆိုတာ ကျနော် မသိဘူး၊ ကျေနာ်ကတော့ အဲ့ပွဲတွေ ကြည့်ကို မကြည့်တာ။ အဲ့ပြိုင်ပွဲက အဓိပ္ပါယ် မရှိတဲ့ ပြိုင်ပွဲလို့ ကျနော်တော့ ထင်တယ်။

သူတို့က ဒီဖလားကို သရေတမြားမြား ဖြစ်ပြနေတယ်။ လူကာကူ ကောင်းမွန်တဲ့ ခေါင်းတိုက်ဂိုး သွင်းတယ်၊ ဟာဗက် ပင်နယ်တီ သွင်းတယ်။ ဟုတ်ပြီ ဒါမျိုးတွေကို တကယ် လိုအပ်တဲ့အချိန်မှာ လုပ်ကြ! ချန်ပီယံလိဂ် ဗိုလ်လုရတာဆို ထားတော့။ ပရီးမီးယားလိဂ် ဗိုလ်စွဲလို့ ပွဲခံတယ် ဆိုလည်း ထားပါဗျာ။ ဒါပေမယ့် ကလပ် ကမ္ဘာ့ဖလား ဆိုတာက ဟန်ပြ သက်သက်ပဲ။ တကယ့် ပလပ်စတစ် ဖလားပဲ။

ကျနော်တို့က ဒီ ပေါင် သန်း ၁၀၀ တန် တိုက်စစ်မှုးတွေကို ေ-ာက် ကမ္ဘာ့ဖလား ပွဲ ကစားဖို့ ဝယ် ထားတာ မဟုတ်ဘူး။ သူတို့ကို ဝယ်တယ် ဆိုတာ မန်စီးတီးတို့ လီဗာပူးတို့ကို ပရီးမီးယားလိဂ်မှာ စိန်ခေါ်ဖို့။ ဒါကိုတော့ သူတို့ မလုပ်နိုင်ကြသေးဘူး။

သူတို့က ဒီကမ္ဘာ့ဖလားကို အောင်ပွဲခံနေချိန်မှာ မန်စီးတီးက လိဂ်မှာ ချယ်ဆီးထက် ၁၆ မှတ် ဖြတ်ပြီး ဇယား ထိပ်မှာ ရှိနေတယ်။ ဒီနှစ်မှာ သူတို့ အမှတ်ပေးဖလား ရဖို့ အခွင့်ရေး မရတော့ဘူး။ ဒီပုံတိုင်း ကစားနေရင် နောက်နှစ်လည်း မဖြစ်နိုင်ဘူး။

ဒီတော့ ဒီ ပလပ်စတစ် ဖန်တွေ၊ ပလပ်စတစ်ဖလားတွေ၊ ကလပ်ကမ္ဘာ့ဖလား တို့ အရေးမပါတာတွေ ကျနော့်လာ မပြောကြနဲ့။ ကိုယ့် အဓိကက ပရီးမီးယားလိဂ်ပဲ။ မန်စီးတီး က မင်းတို့ကို နင်းပြီး ကျော်တက်နေပြီ။” လို့ ခရစ် ဘာလေက ပြောဆိုခဲ့ပါတယ်။