ချယ်ဆီးရဲ့ ပထမဆုံး ကမ္ဘာချန်ပီယံအသင်းဆိုတဲ့ အောင်မြင်မှုကို ရယူလိုနေတဲ့ ကွီတာ

ချယ်ဆီးရဲ့ သက်တော်ရှည် ကစားသမား ဖြစ်သူ ကွီတာက အသင်းမှာ လမ်းပတ်၊ တယ်ရီနဲ့ ဒရော့ဘာတို့ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တုန်းကနဲ့တောင် မလုပ်နိုင်တဲ့ ကိစ္စကြီးကို လုပ်ပြနိုင်ဖို့ ရည်မှန်းနေပါတယ်။

ကွီတာဟာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ဥရောပစူပါဖလား၊ အက်ဖ်အေဖလားနဲ့ လိဂ်ဖလားအပြင် ကလပ်ကမ္ဘာ့ဖလား ဆုတံဆိပ်ကိုပါ ထပ်မံပေါင်းထည့်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ ၂၀၁၂ မှာ ချန်ပီယံလိဂ်ဖလား အောင်မြင်ခဲ့တဲ့ ချယ်ဆီးအသင်းဟာ ကလပ်ကမ္ဘာ့ဖလား ဖိုင်နယ်မှာ ကိုရင်သီယန်ကို ရှုံးနိမ့်ခဲ့ပြီး အသင်းသမိုင်းမှာ ကလပ်ကမ္ဘာဖလားက ကွက်လှပ်ဖြစ်နေတာပါ။

“ လူတိုင်းက ကလပ်မှာ သူတို့ရဲ့ ကိုယ်ပိုင် သမိုင်းကို ဖန်တီးဖို့ ကြိုးစားကြတယ်လို့ ထင်ပါတယ်။ ဒီကလပ်ရဲ့ ဖလားပြတိုက်မှာ ဖလားအရေအတွက် တိုးအောင် ကူညီဖို့ ကြိုးစားခဲ့တဲ့ ကမ္ဘာ့အဆင့် ကစားသမားများစွာကို လွန်ခဲ့တဲ့ နှစ်များစွာအတွင်း ကျွန်တော်တို့ မြင်ခဲ့ရပါတယ်။

အခု ကျွန်တော်တို့ဟာ အသင်းမှာ ဘယ်သူမှ မရခဲ့ဖူးတဲ့ ဖလားတစ်လုံးကို အောင်မြင်ဖို့၊ သမိုင်းတစ်ခုကို ဖန်တီးဖို့ အခွင့်အရေး ရှိနေပါပြီ။ ကျွန်တော်တို့က ဒါကို လုပ်နိုင်တဲ့သူတွေဖြစ်ဖို့ မျှော်လင့်ပါတယ်။ ဒီပြိုင်ပွဲမှာ ပါဝင်ရဖို့က အရမ်းခက်တယ်။ ၁၀ နှစ်ကြာအပြီးမှာ ဒါက ဘယ်လောက်ခက်တယ်ဆိုတာ နားလည်လာမှာပါ။

ကျွန်တော်တို့ဟာ အဲ့ဒီ့တုန်းက ကိုရင်သီယန်နဲ့ ဖိုင်နယ်ကို ရှုံးနိမ့်ခဲ့တယ်။ ကျွန်တော့်မှာ မတူညီတဲ့ ခံစားချက်တစ်ခု ရှိခဲ့ပါတယ်။ အဲ့ဒီ့တုန်းက ကျွန်တော့်ရဲ့ ပထမဆုံး ရာသီပေါ့။ ကျွန်တော်တို့ဟာ ပြိုင်ပွဲတိုင်းမှာ ရှိနေခဲ့တာပါ။ တကယ့်လက်တွေ့ထက် ပိုလွယ်ကူသလို ထင်ရပါတယ်။

နားလည်တဲ့အချိန် ရောက်တော့ ဝင်ခွင့်ရဖို့တောင် ဘယ်လောက် ခက်ခဲတယ်ဆိုတာ သိလာတယ်။ ဒါကြောင့် ကျွန်တော်တို့ အခွင့်အရေးရတုန်းမှာ အမြင့်ဆုံး အသုံးချဖို့လိုတယ်။ အရင်က ဆိုးရွားတဲ့ အတွေ့အကြုံက ကျွန်တော်တို့ကို အကူအညီ ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ကျွန်တော်တို့ တကယ်ကို စိတ်တက်ကြွနေပါတယ်။ ၂၀၁၂ မှာ ရှုံးနိမ့်တာက အရမ်းကို နာကျင်ရတယ်။ အဲ့ဒါက ကျွန်တော်တို့ မအောင်မြင်ခဲ့တဲ့ တစ်ခုတည်းသော ပြိုင်ပွဲပါ။ ကလပ်အတွက် ပထမဆုံးအကြိမ်အဖြစ် ဒီဖလား ရယူပေးဖို့က အရမ်း ကြီးမားပါတယ်။ ဒီဖလားက အားလုံးအတွက်၊ ပရိသတ်တွေအတွက် ကြီးကျယ်တဲ့ အဓိပ္ပါယ်ရှိတယ်။

ကျွန်တော်တို့က ဥရောပကို ကိုယ်စားပြုနေတာပါ။ တခါတလေ နိုင်မယ်၊ တခါတလေ ရှုံးမယ်။ ဒါပေမယ့် ဒီလို ဖလားပြိုင်ပွဲတွေက နေ့တိုင်း ကစားရတဲ့ ပုံမှန်ဖလားပွဲမျိုးနဲ့ မတူဘူး။ ဒါက ဘယ်လောက် ခက်ခဲတယ်ဆိုတာ လူတိုင်းနားလည်ပါတယ်။ ကျွန်တော်တို့ အခွင့်အရေးကို လွဲချော်လို့ မရပါဘူး”လို့ ကွီတာက ဆိုပါတယ်။

ချယ်ဆီးဟာ ရိုမန်အေဗရာမိုဗစ် လက်ထက်အတွင်း ဆက်တိုက် အောင်မြင်သူတွေ ဖြစ်လာခဲ့ပြီး ဒီတစ်ကြိမ်မှာလည်း နည်းပြတူချယ်မပါပဲ ဖလားကိုင်မြှောက်နိုင်ဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။ ကွီတာဟာ အတွေ့အကြုံရှိတဲ့ ကစားသမားတစ်ယောက် အနေနဲ့ ကလပ်ကမ္ဘာဖလားက ကလပ်အတွက် ဘယ်လို အခွင့်အရေးလဲဆိုတာ လူငယ်ကစားသမားတွေ နားလည်အောင် ပြောပြပေးသွားမှာပါ။

“ တခါတလေ ဒီပြိုင်ပွဲနဲ့ ပတ်သက်ပြီး ဥရောပမှာ မတူညီတဲ့ အမြင်တွေ ရှိကြတယ်။ ဒါပေမယ့် တကယ့် လက်တွေ့က ဒီကိုရောက်ဖို့ အရမ်း ခက်ခဲတာ အမှန်ပဲ။ ကျွန်တော်တို့ဟာ တခြားတိုက်တွေက ချန်ပီယံတွေနဲ့ ကစားရမှာပါ။ ကျွန်တော်တို့မှာ ကြီးမားတဲ့ စိတ်ဓာတ်လှုံ့ဆော်မှု ရှိပါတယ်”လို့ ကွီတာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။