ကလပ်များကမ္ဘာဖလားပြိုင်ပွဲ စတင်ခြင်းအဖြစ် Al-Hilal နဲ့ပွဲမှာ ချယ်ဆီး ပြုလုပ်နိုင်တဲ့ အပြောင်းအလဲ

ချယ်ဆီးဟာ သူတို့ရဲ့ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေကကို စတင်ထားပြီဖြစ်ပေမယ့်လို့ မေးခွန်းထုတ်စရာ ကိစ္စများစွာက ရှိနှင့်နေပြီး ဖြစ်ပါတယ်။

ကိုဗစ်ဖြစ်နေတဲ့ တူချယ် မပါဝင်ဘဲ၊ AFCON ကစားခဲ့တဲ့ မန်ဒီ ပြန်လာဖို့ပါ စောင့်နေရပေမယ့် ကွင်းလယ်လူ မေဆန်မောင့်တော့ ပြန်လာနိုင်ပြီဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ည ပွဲမှာ ချယ်ဆီးအသင်း ပြုလုပ်နိုင်တဲ့ အပြောင်းအလဲတွေကို လန်ဒန်သတင်းဌာနက အခုလို ဖော်ပြသွားပါတယ်။

သီယာဂိုဆေးဗား ပွဲထွက်နိုင်

ဘရာဇီးအသင်းနဲ့အတူ အလုပ်ရှုပ်တဲ့ နိုင်ငံတကာ သီတင်းပတ်အပြီး အက်ဖ်အေဖလားမှာ အနားယူခဲ့ရတဲ့နောက် သီယာဂိုအနေနဲ့ ချယ်ဆီးရဲ့ ပွဲထွက်လူစာရင်းမှာ ပြန်လည်ပါဝင်လာမှာ မဆန်းပါဘူး။

ချယ်ဆီးဟာ ပလိုင်းမောက်နဲ့ပွဲအတွက် လေ့ကျင့်ရေး လေးခါလုပ်ခဲ့တာကြောင့် ဆေးဗား ပြန်လာဖို့ အလောတကြီး မလိုအပ်ပေမယ့် သူဟာ အသင်းနဲ့ အပြည့်အဝ ပူးပေါင်းနေပြီဖြစ်ပြီး ပွဲထွက်စာရင်းထဲ ပါဝင်နိုင်ပြီဆိုတာ သက်သေပြခဲ့တာပါ။ ကလပ်ကမ္ဘာ့ဖလားရဲ့ အရှိန်အဝါကြောင့် သူလည်း ပွဲထွက်ကစားချင်နေမှာပါပဲ။ သူပြန်လာတာကြောင့် တူချယ် စိတ်ကြိုက် နောက်တန်းသုံးယောက်ပုံစံကို ပြန်လည်ပြောင်းလဲနိုင်ပါတယ်။

မားကို့စ် အလွန်ဆို ပွဲထွက်နိုင်

ချယ်ဆီးက တောင်ပံခံစစ် ကစားပုံကို ပြန်ပြောင်းနိုင်ဖွယ်ရှိတာကြောင့် အလွန်ဆိုက ဘယ်ခြမ်းမှာ ကစားရနိုင်ပါတယ်။ နိုင်ငံတကာ သီတင်းပတ် မတိုင်ခင် စပါးပွဲနဲ့ အက်ဖ်အေဖလားပွဲမှာ မာလန်ဆား ပွဲထွက်ခဲ့ပေမယ့် အလွန်ဆိုက တိုက်စစ်ပိုင်းမှာ ပိုပြီး ထိုးဖောက်နိုင်စွမ်းတွေ ပေးနိုင်မှာပါ။

မေဆန်မောင့်အစား ကိုင်ဟားဗတ် ပွဲထွက်နိုင်

မောင့်ဟာ ပလိုင်းမောက်နဲ့ပွဲမှာ ဒဏ်ရာအသေးစားတစ်ခု ရခဲ့တဲ့နောက် အဘူဒါဘီမှာ ချယ်ဆီးရဲ့ ပထမဆုံး လေ့ကျင့်ရေးကို လွဲချော်ခဲ့ပြီး တနင်္လာနေ့က အပေါ့စား လေ့ကျင့်မှုကစလို့ ပြန်ပါခဲ့ပေမယ့် ဒီပွဲအတွက် အရံခုံမှာပဲ ထိုင်ရလောက်ပါတယ်။

ခံစစ် သုံးယောက်တန်း မဟုတ်ဘဲ လေးယောက်တန်းဖြင့် ချယ်ဆီးဆက်ကစားမယ်ဆိုရင် ကိုင်ဟားဗတ်အနေနဲ့ ဗဟိုကွင်းလယ်လူနှစ်ယောက်ရှေ့မှာ ကစားပြီး လူကာကူလို တိုက်စစ်မှူးရဲ့နောက်ကနေ ဖန်တီးမှု လုပ်ပေးနိုင်ပါတယ်။ ဒါဟာ လေဗာကူဆင်မှာ သူအသားကျခဲ့တဲ့ နေရာဖြစ်လို့ ပိုပြီး ထိရောက်တဲ့ ပုံစံနဲ့ နေရာလွတ်တွေ ရှာဖွေနိုင်စေမှာပါ။

ကန်တေ၊ ဂျော်ဂျင်ဟို၊ ကိုဗာဆစ် ကွင်းလယ်

ကန်တေဟာ မောင့်အစား ကွင်းလယ်မှာ ဂျော်ဂျင်ညို၊ ကိုဗာဆစ်တို့နဲ့ တွဲဖက်ကစားဖို့ ရွေးချယ်စရာတစ်ခု ဖြစ်နိုင်ပါတယ်။ အီတလီ အကျော်အမော်ဟာ ပြီးခဲ့တဲ့အပတ်က မိနစ် ၁၂၀ ကစားခဲ့ပြီးနောက် ပွဲထွက်ဖို့ အကောင်းဆုံး လက်ရွေးစင်တစ်ယောက်ပါ။ အဲ့ဒီ့တုန်းက လူကာကူလည်း ပါဝင်ကစားခဲ့ပေမယ့် သူက ခြေစွမ်းပြဖို့ ထပ်မံပြီး ရုန်းကန်နေခဲ့ရတာပါ။

ဒါပေမယ့် ချယ်ဆီးနည်းပြအဖွဲ့ဝင် မစ်ချယ်က လူကာကူနဲ့ပဲ ဆက်သုံးမယ်လို့ ပြောဆိုထားတာကြောင့် တိုက်စစ်မှူးနေရာ အပြောင်းအလဲက မဖြစ်နိုင်လောက်ပါဘူး။

“ အခုချိန်မှာ လူကာကူအတွက် ဂိုးသွင်းဖို့တော့ အနည်းငယ် ခက်ခဲနေတယ်။ အသင်းအတွက် သူအများကြီး အလုပ်ကြိုးစားနေပါတယ်။ ဒါပေမယ့် ကံနည်းနည်း မကောင်းနေတာပါ။ ကျွန်တော် သူ့ကို ကွင်းထဲမှာထားပြီး အခွင့်အရေးတွေပေးဖို့ ကြိုးစားနေပါတယ်။ ဒီလိုမျိုးပဲ ဆက်လုပ်သွားမှာပါ။

ဘာလို့လဲဆိုတော့ သူက ကျွန်တော်တို့အတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်ပါ။ သူက တိုက်စစ်မှူးတစ်ယောက်ဆိုတော့ သူ ဂိုးမသွင်းနိုင်တဲ့ အခိုက်အတန့်တွေမှာလဲ သူ့ကို ယုံကြည်မှု တချို့ပေးဖို့ လိုပါတယ်”လို့ မစ်ချယ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။