အာဖရိကဖလားရှုံးပွဲအတွက် ကမ္ဘာဖလားခြေစစ်ပွဲကျရင် လက်စားပြန်ချေဖို့ ဆာလာ တိုက်တွန်း

အာဖရိက နေးရှင်းဖလား (AFCON) မှာ ဆီနီဂေါအသင်းကို ရှုံးနိမ့်ခဲ့တဲ့နောက် ဆာလာဟာ သူ့ရဲ့ အီဂျစ်အသင်းဖော်တွေကို စိတ်ဓာတ်မြှင့်တက်ရေး စကားတွေ ပြောဆိုခဲ့ပြီး မတ်လမှာ သူတို့ကို လက်စားပြန်ချေဖို့ တိုက်တွန်းခဲ့ပါတယ်။

အီဂျစ်နဲ့ ဆီနီဂေါတို့ဟာ မိနစ် ၁၂၀ ကျော်အတွင်း ဂိုးမရှိ သရေကျခဲ့တဲ့နောက် ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာ ဆာလာဟာ အီဂျစ်ရဲ့ ၅ ကြိမ်မြောက် ပင်နယ်တီကို ကန်သွင်းဖို့ အသင့်ရှိနေခဲ့တာပါ။ ဒါပေမယ့် သူ့ရဲ့ လီဗာပူးအသင်းဖော် ဆာဒီယိုမာနေးက ဆီနီဂေါရဲ့ ၅ ကြိမ်မြောက် ပင်နယ်တီမှာ အဆုံးအဖြတ် အနိုင်ဂိုးကို သွင်းယူခဲ့တဲ့နောက် ဆာလာအနေနဲ့ ကန်ခွင့်တောင် မရခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီး အဝတ်လဲခန်းအတွင်းမှာ အီဂျစ်အသင်းခေါင်းဆောင် ဆာလာဟာ ပင်ပန်းပြီး စိတ်ပျက်နေတဲ့ သူ့အသင်းဖော်တွေကို စကားပြောဆိုခဲ့ပါတယ်။

“ ငါတို့ ၁၂ ရက်အတွင်း လေးပွဲလုံးကို မိနစ် ၁၂၀ ကျော် ကစားခဲ့ရတယ်။ ဒါပေမယ့် အဲ့ဒါက ပြီးခဲ့တဲ့ အတိတ်ပဲ။ အခု ငါတို့ နောက်လမှာ သူတို့ရဲ့ ကစားရမယ့် ပွဲတွေရှိတယ်။ အဲ့ဒီ့အခါကျရင် ငါတို့ သူတို့ကို လက်စားပြန်ချေရမယ်”လို့ အားပေးစကား ပြောကြားခဲ့တာပါ။

အီဂျစ်ဟာ နောက်လအကုန်မှာ ကမ္ဘာ့ဖလား အာဖရိကဇုန် ပလေးအော့ဖ်အတွက် ဆီနီဂေါနဲ့ နှစ်ကျော့ကစားရမှာ ဖြစ်ပါတယ်။ နှစ်နိုင်ငံလုံးဟာ ဒုတိယအဆင့် ခြေစစ်ပွဲမှာ အုပ်စုဗိုလ်ဖြစ်ခဲ့ပြီးတော့ ဒီနှစ်နှောင်းပိုင်းမှာ ကစားမယ့် ကာတာ ကမ္ဘာ့ဖလားမှာ ဝင်ခွင့်တစ်နေရာအတွက် အပြိုင်တိုက်ပွဲဝင်ရမှာပါ။

ပထမအကျော့ကို မတ် ၂၃ ကျရင် ကိုင်ရိုမှာ ကစားရမှာ ဖြစ်ပြီး ဒုတိယအကျော့ကိုတော့ မတ် ၂၉ ရက်၊ ဒါကာမှာ ကစားကြမှာ ဖြစ်ပါတယ်။ AFCON ဗိုလ်လုပွဲမှာ ဆီနီဂေါရဲ့ အနိုင်ရမှုကြောင့် သူတို့ဟာ ယုံကြည်မှုတွေ မြင့်တက်နေမှာဖြစ်ပေမယ့် အီဂျစ်အတွက်လည်း စိတ်ဓာတ်လှုံ့ဆော်မှုပေးနိုင်မှာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ အီဂျစ်က စိတ်ဓာတ်ကျနေမှာ မဟုတ်ပါဘူး။ ဒီနေ့မှာ ကျွန်တော်တို့ ရှုံးခဲ့တာကြောင့် ခက်ခဲသိမ်မွေ့တဲ့ အခြေအနေတစ်ခုမှာ ရှိနေတာတောင် လဲကျရင် ပြန်ထဦးမှာပါ။

နောက်လမတိုင်ခင် ကျွန်တော်တို့မှာ ဒီအသင်းနဲ့ပဲ တခြား စိန်ခေါ်မှုရှိသေးတယ်။ အဲ့ဒီ့အခါကျရင် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ ဆက်ပြီး ကြိုးစားသွားမှာပါ။ လာမယ့်လတွေမှာ ကျွန်တော်တို့ ကစားရမယ့် ပွဲတွေအများကြီး ရှိပါတယ်။ ကျွန်တော်တို့ အနိုင်ရဖို့ လိုပါတယ် ” လို့ အီဂျစ်ဂိုးသမား ဂါဘာစကီက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။