ဇီယက်ချ်က မက်ဆီဖြစ်နေရင်တောင် နိုင်ငံအသင်းမှာ ပြန်မခေါ်တော့ဘူးဆိုတဲ့ မိုရိုကို နည်းပြ

ချယ်ဆီးကြယ်ပွင့် ဟာကင် ဇီယက်ချ်အနေနဲ့ သူ့နာမည်က လီယွန်နယ် မက်ဆီ ဖြစ်နေရင်တောင်မှပဲ မိုရိုကို လက်ရွေးစင်အသင်းမှာ ပြန်ကစားခွင့်ရဖို့ အခွင့်အရေး မရှိဘူးလို့ နည်းပြ ဟာလီဟော့ဇစ်က ပြောဆိုခဲ့ပါတယ်။

နည်းပြဟာ အာဖရိက နေးရှင်းဖလားအတွက် မိုရိုကိုရဲ့ လူစာရင်းထဲမှာ ဇီယက်ချ်ကို ချန်လှပ်ထားခဲ့တာနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေ ခံခဲ့ရသလို မိုရိုကိုဟာ အဲ့ဒီ့ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်မှာ အီဂျစ်ကို ရှုံးနိမ့်ခဲ့တာပါ။ ဒါပေမယ့် ဟာလီဟော့ဇစ်ကတော့ နိုင်ငံအသင်း တာဝန်အတွင်း ဇီယက်ချ်ရဲ့ လုပ်ရပ်ဟာ ရွေးချယ်ခံရဖို့ မသင့်တော်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

“ ကျွန်တော် ရွေးထားတဲ့ ကစားသမားတွေက နိုင်ငံမှာ အကောင်းဆုံး ကစားသမားတွေပဲ။ အသင်းကို ဟန်ချက်ပျက်စေနိုင်တဲ့ ကစားသမားတစ်ယောက်ကို ကျွန်တော် မရွေးဘူး။ သူ့နာမည်က လီယွန်နက် မက်ဆီ ဖြစ်နေရင်တောင် မရွေးပါဘူး။ ဇီယက်ချ်ရဲ့ အပြုအမူက ရွေးချယ်ခံရဖို့ မသင့်တော်ဘူး။

သူက လေ့ကျင့်ရေး မဆင်းချင်ဘူး။ မကစားချင်ဘူး။ အတည်တကျ စိတ်နှစ်ပြီး မလုပ်ချင်ဘူး။ ဒါကြောင့် သူ့ကို ပြန်လာဖို့ ကျွန်တော်က ခယ တောင်းဆိုနေမှာ မဟုတ်ဘူး။ လွန်ခဲ့တဲ့နှစ်က အာဖရိကဖလား ပြိုင်ပွဲပြီးတော့ သူက အဝေဖန်ခံရဆုံး ဖြစ်ခဲ့တယ်။ သူလှောင်ပြောင်ခံခဲ့ရတယ်။ အဲ့ဒါကို ခင်ဗျားတို့ မမေ့ပါနဲ့ ” လို့ နည်းပြက ဆိုပါတယ်။

ဇီယက်ချ်ဟာ အေဂျက်ကနေ ချယ်ဆီးထံ ပမာဏများပြားတဲ့ အပြောင်းအရွှေ့နဲ့ ရောက်ရှိလာပြီး ပထမ နှစ်ရာသီအတွင်း ကစားချိန်ရဖို့ ရုန်းကန်ခဲ့ရပါတယ်။ သူဟာ ပရီးမီးယားလိဂ် ၂၄ ပွဲသာ ပွဲထွက်ခဲ့ရသလို ဂိုးနဲ့ဖန်တီးမှု ၁၀ ကြိမ်ပဲ ပြုလုပ်ခဲ့ပါတယ်။

မိုရိုကိုအတွက် ဇီယက်ချ် နောက်ဆုံးကစားပေးခဲ့တာက ဇွန်လ ခြေစမ်းပွဲမှာဖြစ်ပြီး သူ့အနေနဲ့ မကြာခင်မှာ နိုင်ငံအသင်းအတွက် ထပ်မံကစားပေးရဖို့ အလားအလာ သိပ်မရှိနေပါဘူး။

ဟာလီဟော့ဇစ်က “နောက်ဆုံး ၂ ပွဲ၊ အထူးသဖြင့် နောက်ဆုံး ၁ ပွဲမှာ သူ့ရဲ့ အပြုအမူက နိုင်ငံအသင်း ကစားသမား အဆင့်မျိုး မဟုတ်ခဲ့ဘူး။ အသင်းမှာ ခေါင်းဆောင်တစ်ယောက် အနေနဲ့ အတုယူစရာ စံပြကစားသမားမျိုး ဖြစ်ရမှာပါ။ ဒါပေမယ့် သူက နောက်ကျမှ ရောက်လာပြီးရင် လေ့ကျင့်ဖို့တောင် ငြင်းပယ်ခဲ့ပါတယ်။

ဒီအကြောင်းကို ဆွေးနွေးစရာ မလိုပါဘူး။ နည်းပြတစ်ယောက် အနေနဲ့ အဖြေက ရှင်းရှင်းလင်းလင်း မြင်နေရပါတယ်” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။