မာနေးကို ပွဲအစ ၁၅ စက္ကန့်မှာတွင် အနီကဒ်နဲ့ မထုတ်ပယ်ခြင်းအပေါ် ပေါက်ကွဲသွားတဲ့ ကွီတာနဲ့ တူချယ်

လီဗာပူးနဲ့ ချယ်ဆီးတို့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲအတွင်း မာနေးရဲ့ သူ့ရဲ့ ပွဲစစချင်း တစ်မိနစ်အတွင်း စိန်ခေါ်မှုအတွက် တိုက်ရိုက်အနီကဒ် ပြသခံရသင့်တယ်လို့ ကွီတာနဲ့ သောမတ်စ် တူချယ်တို့က ပြောဆိုခဲ့ပါတယ်။

ပွဲအစ ခရာမှုတ်ပြီးပြီးချင်းနီးပါးမှာပဲ ကွီတာနဲ့ မာနေးတို့ဟာ အမြင့်ဘောကို ယှဉ်လုကြရင်း လီဗာပူး တိုက်စစ်မှူးက ချယ်ဆီးအသင်းခေါင်းဆောင်ရဲ့ မျက်နှာကို တံတောင်တဲ့ တိုက်ခဲ့တာပါ။ ဒါပေမယ့် မာနေးဟာ ဒီလုပ်ရပ်အတွက် အဝါကဒ်သာ ပြသခံခဲ့ရတာဖြစ်ပြီး ၁၀ မိနစ်အတွင်း ဧည့်သည်အသင်းရဲ့ အဖွင့်ဂိုးကိုပါ သွင်းယူပေးသွားခဲ့ပါတယ်။

ဆာလာက ဒုတိယ ဦးဆောင်ဂိုး သွင်းယူခဲ့တဲ့နောက် ကိုဗာဆစ်နဲ့ ပူလီဆစ်တို့က ချယ်ဆီးအတွက် ချေပဂိုးတွေ သွင်းယူပေးခဲ့ကြတာဖြစ်ပြီး မန်စီးတီးကို ဖလားစိန်ခေါ်ဖို့ နှစ်သင်းလုံးရဲ့ မျှော်လင့်ချက်တွေကို ထိခိုက်စေခဲ့တာပါ။

ပွဲအပြီးမှာ ကွီတာက “ဒါက လုံးဝ အနီကဒ်ဆိုတာ သိသာပါတယ်။ ဒါက ပွဲအစ ၅ စက္ကန့်ပဲဖြစ်ဖြစ် ကျွန်တော် စိတ်မဝင်စားဘူး။ ပထမဆုံးပြစ်ဒဏ်ကျူးလွန်မှုက အနီကဒ် ပြသင့်တယ်ဆိုတာ ရှင်းနေတာပဲ။ သူက ဘောလုံးကို မမြင်ဘူး။ တံတောင်နဲ့ပဲ အသာစီး ယူချင်နေတာပါ။

ရိုးရိုးသားသားပြောရရင် ဒါကို ကျွန်တော် နားမလည်ဘူး။ ဒါက သေချာပေါက် အနီကဒ်ပါပဲ။ ပွဲအတွင်းမှာ ကျွန်တော်တို့ဘက်ကို ဆန့်ကျင်နေတဲ့ အဲ့ဒီ့လို ဆုံးဖြတ်ချက်တွေ ရခဲ့တယ်။ ဒီဆုံးဖြတ်ချက်တွေက ပွဲကို ပြောင်းလဲသွားစေနိုင်ပါတယ်။ ဒီတစ်ပွဲထဲမှာတောင် တည်ငြိမ်မှု မရှိတာကို မြင်တွေ့ရတယ်။

ဒီဖြစ်ရပ်က ကျွန်တော့်အတွက်တော့ အနီကဒ်ဆိုတာ လုံးဝ သိသာပါတယ်။ ကျွန်တော် replay ပြန်ကြည့်ခဲ့တယ်။ ဒါပေမယ့် ပြန်ကြည့်ဖို့တောင် မလိုလောက်အောင် အနီကဒ်က ရှင်းလင်းနေခဲ့တာပါ”လို့ ဝေဖန်ခဲ့ပါတယ်။

ချယ်ဆီးနည်းပြ တူချယ်ကလည်း “ ကျွန်တော်က အစောပိုင်း အနီကဒ်တွေနဲ့ သိပ်ပြီး ရင်းနှီးမှုမရှိဘူး။ ဒါကို ပြောရမှာ မုန်းပါတယ်။ ဘာလို့လဲဆိုတော့ မာနေးကို ကျွန်တော် သဘောကျတယ်။ သူက လူကောင်းတစ်ယောက်၊ ထိပ်တန်းကစားသမားတစ်ယောက်ပါ။ ဒါပေမယ့် ဒါက အနီကဒ်ပါပဲ။

သူ့တံတောင်က မျက်နှာကို သွားတိုက်မိတယ်။ ပွဲအစ စက္ကန့် ၂၀ ဖြစ်ဖြစ်၊ မိနစ် ၂၀ ဖြစ်ဖြစ် အနီကဒ်က အနီကဒ်ပါပဲ ” ဆိုပြီး သူ့ရဲ့ညာအစွန်လူ ပြောဆိုမှုကို ထောက်ခံသွားခဲ့တာ ဖြစ်ပါတယ်။