ချယ်ဆီး၊ ယူနိုက်တက်တို့ ပစ်မှတ် သန်း ၁၀၀ တန် ကစားသမားကို ဆက်ထိန်းမယ့် မိုယက်စ်

ဒီကလန် ရိုက်စ်အပေါ် ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှု ရှိနေပေမယ့် ဝက်စ်ဟမ်းအနေနဲ့ သူ့ကို ဆက်လက်ထိန်းသိမ်းနိုင်မှာဖြစ်ပြီး မဖြစ်မနေ ထိပ်ဆုံးလေးသင်းထဲ ဝင်ဖို့ လိုအပ်မှာ မဟုတ်ဘူးလို့ ဒေးဗစ်မိုယက်စ်က ပြောဆိုခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ယူရို ၂၀၂၀ ဖိုင်နယ်အထိ ရောက်ခဲ့တဲ့ အင်္ဂလန်ရဲ့ ကြယ်တစ်ပွင့်အဖြစ် သူ့ကိုယ်သူ သက်သေပြခဲ့သလို ဒီရာသီမှာ ဆက်လက်ပြီး တိုးတက်လာခဲ့တာပါ။ ရိုက်စ်ဟာ ပရီးမီးယားလိဂ်ရာသီမှာ ခြေစွမ်းတောက်ပနေတဲ့ ကစားသမားတွေထဲက တစ်ယောက်အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားသူဖြစ်တယ်။

သူရဲ့ စွမ်းဆောင်ရည်တွေနဲ့အတူ ဝက်စ်ဟမ်းကို ယူနိုက်တက်၊ အာဆင်နယ်၊ စပါးတို့နဲ့ အဆင့် ၄ နေရာအတွက် ယှဉ်ပြိုင်နိုင်ဖို့ ကူညီပေးခဲ့တာ ဖြစ်ပါတယ်။ လိဂ်ရဲ့ ထိပ်တန်းကွင်းလယ်လူ တစ်ယောက်အဖြစ် သူ့ရဲ့ ပေါ်ထွက်လာမှုကြောင့် လန်ဒန်ကွင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်ခံရမှုတွေ ရှိနေသလို သူ့ကို ခေါ်ယူဖို့အတွက် ယူနိုက်တက်နဲ့ ချယ်ဆီးတို့က ရှေ့ကနေ ပြေးနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် မိုယက်စ်ကတော့ သူ့အသင်းဟာ လက်ရှိ ရာသီနောက်ပိုင်းမှာလည်း ရိုက်စ်ကို ဆက်လက် ထိန်းသိမ်းနိုင်မှာဖြစ်ပြီး ‘မဖြစ်မနေ ချန်ပီယံလိဂ်ဝင်ခွင့် လိုအပ်မှာ မဟုတ်ဘူး’ လို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

ဆက်လက်ပြီးလည်း ဝက်ဟမ်းမှာ ရိုက်စ်ကို ထိန်းထားနိုင်ဖို့ ယုံကြည်ကြောင်းကို “ ဒီကလန်က ဒီမှာ ရေရှည်စာချုပ် ရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ သူ့အတွက် သိပ်ပြီး စိတ်ပူပင်နေဖို့ မလိုပါဘူး။ ကျွန်တော်တို့ ဒီကလန်ကို တတ်နိုင်သလောက် အကြာကြီး ဆက်လက် ထိန်းသိမ်းသွားမှာပါ။ သူ့ကို ရောင်းချဖို့ ဆန္ဒမရှိပါဘူး။

ကျွန်တော်တို့ သူ့ကို ရောင်းချဖို့ဆိုရင် သိပ်ကို ခက်ခဲပါလိမ့်မယ်။ သူက သိပ်ကောင်းတဲ့ အလုပ်ကို လုပ်နေတာပါ။ ဒီအတိုင်းပဲ ဆက်ပြီးတော့ အသင်းကို သူမောင်းနှင်ပေးမှာပါ။ ကျွန်တော်အနေနဲ့လည်း သူနဲ့အတူ ကစားဖို့ ကစားသမားကောင်းတွေ ခေါ်ယူပေးနိုင်မယ် မျှော်လင့်ပါတယ်။

ကျွန်တော့်အလုပ်က ကလပ်ကို ဆက်လက်တည်ဆောက်ဖို့၊ အဆင့်အတန်းကို မြှင့်တင်ဖို့နဲ့ ဒီကလန်နားမှာ သူနဲ့ အဆင့်အတန်းတူတဲ့၊ မြင့်မားတဲ့အဆင့်ကို တက်ကစားနိုင်တဲ့ ကစားသမားတွေ ထားရှိဖို့ပါပဲ ” လို့ ဆိုသွားခဲ့တယ်။

ရက်ဖ်ရန်းနစ်ဟာ ဇန်နဝါရီအတွင်း ကွင်းလယ်ခံစစ် ကစားသမားတစ်ယောက်ကို ခေါ်ယူဖို့ မျှော်လင့်ရသလို ဒီရာသီမှာ ရိုက်စ်ကို နံပါတ်တစ် ပစ်မှတ်ထားထားတာပါ။ ဒါပေမယ့် ဝက်စ်ဟမ်းက သူ့အတွက် ပေါင်သန်း ၁၀၀ ကျော် သတ်မှတ်ထားတာနဲ့အတူ ယူနိုက်တက်ရဲ့ မျှော်လင့်ချက်တွေက ဇန်နဝါရီမှာ ဖြစ်မြောက်နိုင်ဖွယ် မရှိဘူးလို့ ယူဆရတာဖြစ်ပါတယ်။