အာဆင်နယ်ကို ရှုံးပွဲတွေ့စေခဲ့တာ ဂေဘရီရယ်ရဲ့ မရင့်ကျက်တဲ့ မိုက်မဲမှုကြောင့်လို့ ဖာဒီနန် ရှင်းပြ

မန်စီးတီးကို ၂-၁ နဲ့ ရှုံးခဲ့တဲ့ပွဲမှာ အနီကဒ်နဲ့ ထုတ်ပယ်ခံခဲ့ရတဲ့ အာဆင်နယ် နောက်ခံလူ ဂေဘရီရယ်ကို ယူနိုက်တက် ဂန္တဝင် ရီယို ဖာဒီနန်က ဝေဖန်ခဲ့ပြီး ဘရာဇီးသားရဲ့ လုပ်ရပ်ဟာ မိုက်မဲပြီး ရင့်ကျက်မှု မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဘူကာယို ဆာကာဟာ အမ်းမရိတ်စ်ပရိသတ်တွေ အကြိုက်တွေ့စေဖို့ အာဆင်နယ်အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပေမယ့် မာရက်ဇ်က ပင်နယ်တီကနေတဆင့် စီးတီးအတွက် ချေပဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ စိတ်ပျက်နေတဲ့ ဂေဘရီရယ်ဟာ ၂ မိနစ်အကြာမှာပဲ ဂျေးဆုအပေါ် မလိုအပ်တဲ့ ပြစ်ဒဏ်ကျူးလွန်ခဲ့မှုကြောင့် အနီကဒ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

ပွဲချိန် မိနစ် ၃၀ လောက်ထိ ဧည့်သည်အသင်းက တစ်ယောက်အသာနဲ့ ကစားခွင့်ရခဲ့သလို အချိန်ပိုမှာ ရိုဒရီက စီးတီးအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဂေဘရီရယ်ရဲ့ ဒုတိယအဝါကဒ်နဲ့ ပတ်သက်ပြီး ယူနိုက်တက် နောက်ခံလူဟောင်း ဖာဒီနန်က

“ ဒါက ရူးမိုက်တာပဲ။ ဒါက မရင့်ကျက်တဲ့ အပြုအမူဖြစ်ပြီး စိတ်ပေါက်ပေါက်နဲ့ လုပ်ချင်ရာ လုပ်မိတာပါ။ ကိုယ့်အသင်းက ပင်နယ်တီ ပေးလိုက်ရတာကို အဲ့ဒီ့လိုမျိုး လုပ်ရပ်နဲ့ တုံ့ပြန်လိုက်တော့ကော ဘာရမယ် ထင်နေတာလဲ။

သူ့ဘာသာ မိုက်ရူးရဲဆန်မှုတွေ များလာတာပဲ။ သူက ဂိုးသွင်းမယ့်သူ မဟုတ်ဘူး။ ဂိုးခြိမ်းခြောက်တဲ့သူ မဟုတ်ဘူး။ သူက ကွင်းလယ်မှာပဲ ရှိသေးတယ်။ ပင်နယ်တီဖြစ်ရပ်အပြီး ဒီလိုမျိုး မိုက်မဲတဲ့ ပြစ်ဒဏ်ကျူးလွန်မှုကို လုပ်လိုက်တယ်ဆိုတာ သူက အမှန်တရားကို လက်မခံတာဖြစ်ပြီး သူ့လုပ်ရပ်ကို ကျွန်တော်တော့ နားမလည်တော့ဘူး။

တကယ်ဆို စဉ်းစားဖို့ အချိန်ရှိပါတယ်။ မင်းက အဝါကဒ်တစ်ကြိမ် ရထားပြီဆိုတာ သိနေတာပဲ။ အဲ့လိုဆိုရင် ‘အခုချိန်ကစပြီး ပွဲထဲမှာ ငါ့ရဲ့ချဉ်းကပ်မှုပုံစံကို အလိုက်အထိုက် ပြောင်းလဲရမယ်’ဆိုတာ ချက်ချင်း တွေးမိရမယ်။ သူက အဲ့ဖြစ်ရပ်ကို တော်တော်လေး မကျေမနပ် ဖြစ်နေခဲ့တာပါ။ ပင်နယ်တီအကြောင်းကို သူတွေးနေမိဆဲဖြစ်လို့ အဲ့ဒါက ပြဿနာ ဖြစ်သွားတာပါ။

ကွင်းလယ်ဒိုင်က ၁၀ ကိုက်အကွာမှာပဲ ရှိနေတာကို သူမတွေ့ဘူး။ သူက အန္တရာယ်ရှိတဲ့ ဂိုးဧရိယာနဲ့ ကွင်းတစ်ဝက် ကွာဝေးပါတယ်။ ဘာမှ အန္တရာယ်မရှိပဲနဲ့ မလိုအပ်တဲ့ ပြစ်ဒဏ်ကျူးလွန်မှုကို လုပ်ခဲ့တာပါ ” လို့ ပြောဆိုခဲ့ပါတယ်။

ဂေဘရီရယ် ထုတ်ပယ်ခံခဲ့ရပြီးနောက် ကွင်းထဲက ထွက်လာချိန်မှာ ပရိသတ်တွေက လက်ခုပ်တီး ဂုဏ်ပြုခံကြပေမယ့် ဘရာဇီးသားရဲ့ အသင်းဖော်တွေကတော့ သူ့လုပ်ရပ်ကို ဒေါသထွက်ကြလိမ့်မယ်လို့ ဖာဒီနန်က ဆိုပါတယ်။

“ ကျွန်တော်က စိတ်ခံစားမှုများတဲ့ နောက်ခံလူတွေကို မကြိုက်ပါဘူး။ အဲ့လိုနောက်ခံလူတွေက မင်းကို အမှတ်တွေ ဆုံးရှုံးစေတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေ ဒေါသထွက်ပြီး စိတ်မထိန်းနိုင်ရင် ကွင်းထဲကနေ စောစောစီးစီး ထွက်ခွာရတတ်တယ်။ ပရိသတ်တွေက သူ့ကို လက်ခုပ်တီး အားပေးခဲ့ပေမယ့် ကွင်းထဲက ကျန်တဲ့ ကစားသမား ၁၀ ယောက်ကတော့ သူ့ကို လုံးဝ ကျေးဇူးတင်နေမှာ မဟုတ်ဘူးဆိုတာ ယုံပါ။

သူတို့တွေ တော်တော် စိတ်ပျက်ဝမ်းနည်းနေလိမ့်မယ်။ သူက စိတ်ခံစားမှုကို ထိန်းချုပ်လို့ ရနိုင်ပါတယ်။ သူ့အနေနဲ့ ကိုယ်ဘာတွေလုပ်နေတယ် ဆိုတာကို နားလည်ပြီး လက်ခံဖို့ လိုအပ်တယ်။ ဒီအတွက် သူတာဝန်ယူရမယ်။ ဒီလိုမျိုး အခိုက်အတန့်တွေမှာ ကိုယ်ဘာသာ ထိန်းသိမ်းတတ်အောင် ကြိုးစားဖို့ လိုအပ်တယ်”လို့ ဖာဒီနန်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။