အူဘာမီယန်းကို သန်း ၂၀ ဖြင့် အပြီးသတ် ခေါ်ယူခွင့်ပါတဲ့ အငှားကမ်းလှမ်းမှုလုပ်ဖို့ နယူးကာဆယ် ပြင်ဆင်

နယူးကာဆယ်အသင်းဟာ တန်းဆင်းဇုန် အခြေအနေကနေ ရုန်းထွက်ဖို့အတွက် ဇန်နဝါရီမှာ လူသစ်တွေ ခေါ်ယူဖို့ အားထုတ်နေချိန်မှာပဲ အာဆင်နယ် တိုက်စစ်သမား အူဘာမီယန်းကို အပြီးသတ် ခေါ်ယူခွင့်ပါတဲ့ အငှားကမ်းလှမ်းမှု ပြုလုပ်လိုနေပါတယ်။

အာဆင်နယ်မှာ စည်းကမ်းပိုင်း ဖောက်ဖျက်မှုဆိုင်ရာ ကိစ္စကြီးကို ၃ ကြိမ်တိတိ လူသိထင်ရှား ပြုလုပ်ခဲ့တဲ့နောက် အူဘာမီယန်းဟာ ကလပ် အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ထုတ်ခံထားရတာပါ။ သူဟာ အာဆင်နယ်ရဲ့ ပွဲတွေကို ပါဝင်နိုင်ဖို့ မရှိဘဲ အာဖရိကဖလားပွဲအတွက် ဂါဘွန်နဲ့ သွားရောက် ပူးပေါင်းမှာဖြစ်တယ်။

အဆိုပါ အာဖရိကပြိုင်ပွဲက ပြန်အလာမှာ အာဆင်နယ်မှာ နေရာရဖို့ မသေချာခြင်းတွေ ရှိနေတာကြောင့် နယူးကာဆယ်ဘက်က ကြားဖြတ် ဝင်ကမ်းလှမ်းဖို့ ပြင်ဆင်လာခဲ့တာဖြစ်တယ်။ နယူးကာဆယ်ရဲ့ ကမ်းလှမ်းမှုမှာတော့ လာမယ့် နွေမှာ ပေါင် သန်း ၂၀ ဖြင့် ခေါ်ယူခွင့် ပါဝင်သွားမှာ ဖြစ်ပါတယ်။

အတ်ဒီဟောင်ရဲ့ အသင်းဟာ ဇယားအောက်ခြေမှာ ရုန်းကန်နေရပြီး ဒီရာသီမှာ ၁ ပွဲပဲ နိုင်ပွဲရထားသေးတာဖြစ်တယ်။ ကလပ်ကို ဆော်ဒီပိုင်ရှင်တွေက လွဲပြောင်းယူမှုနဲ့အတူ ဇန်နဝါရီမှာ လူသစ်ခေါ်ယူမှုတွေ အများကြီးလုပ်ဖို့ ပြင်ဆင်နေတဲ့ အသင်းလည်းဖြစ်တယ်။

၎င်းတို့ဟာ အက်သလက်တီကိုမှ ထရစ်ပီယာကို ခေါ်ယူဖို့ သဘောတူညီမှု ရထားပေမယ့် ပြောင်းရွှေ့ကြေးကို ဆက်ပြီး ညိနှိုင်းနေဆဲဖြစ်တယ်။ ဒါ့အပြင် လိုင်လီမှ ဘော့မန်းကို ခေါ်ယူနိုင်ရေးလည်း အားထုတ်နေပါသေးတယ်။

ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုရှင်ဟောင်းဖြစ်တဲ့ အသက် ၃၂ နှစ်အရွယ် အူဘာမီယန်းကို ခေါ်ယူနိုင်မယ်ဆိုရင် ဒဏ်ရာရနေတဲ့ ဝဲလ်ဆန်နေရာ တိုက်ရိုက် အစားထိုးမှုဖြစ်လာပြီး ဘောလုံးရာသီကို အလှည့်အပြောင်း ပြုလုပ်ရေး အကူအညီဖြစ်စေမယ်လို့ နယူးကာဆယ်က ယုံကြည်နေတာ ဖြစ်ပါတယ်။