ဂွာဒီယိုလာ ” အိုဒီဂတ် ကိစ္စတော့ မသိဘူး၊ မမြင်လိုက်ဘူး။ ကျနော်တို့ကတော့ ပင်နယ်တီ ရသင့်ပါတယ်။ “

အမ်းမရိတ်မှာ အာတီတာ ကိုင်တွယ်နိုင်ခြင်း မရှိတဲ့ အာဆင်နယ်ကို ၂-၁ ဖြင့် အနိုင်ရတဲ့နောက် မန်စီးတီး မန်နေဂျာ ဂွာဒီယိုလာက ခက်ခဲတဲ့ နိုင်ပွဲဖြစ်ကြောင်း ဝန်ခံပါတယ်။

သူတို့အသင်းဟာ ပွဲဆက်တွေကို ဆက်တိုက် ကစားနေရပြီး အာဆင်နယ်က အနားရထားခြင်းကလည်း ပွဲကို ပိုခက်ခဲစေခဲ့တယ်လို့ ဂွာဒီယိုလာက ပြောဆိုတယ်။ ပထမပိုင်းမှာ အာဆင်နယ်ဘက်က ဆာကာ ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး မန်စီးတီးအတွက် ခြေပဂိုးကို မာရက်ဇ်က ပင်နယ်တီက ရယူခဲ့ကာ မိနစ် ၉၀ နောက်ပိုင်းမှာ ရိုဒရီက ဦးဆောင်ဂိုး ယူနိုင်ခဲ့ပါတယ်။

ဂွာဒီယိုလာက ” အာဆင်နယ်က ပိုကောင်းတဲ့အသင်းပါ။ ဒီနှစ်တွေမှာ ထိပ်ဆုံးလေးသင်း ဝင်ခွင့်အတွက် ရုန်းကန်နေရတဲ့ အသင်းတစ်သင်းကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ သူတို့က ဒီရာသီကို အောက်ခြေတကာ့ အောက်ခြေကနေ စတင်လာခဲ့တဲ့ အသင်းဖြစ်ပါတယ်။ သူတို့ နောဝစ်ချ်ကို အနိုင်ယူထားတာ လွန်ခဲ့တဲ့ ၆ ရက်ကဖြစ်ပြီး ကျနော်တို့ နောက်ဆုံး ပွဲကစားထားတာ လွန်ခဲ့တဲ့ ၂ ရက်ကပါ။

အနိုင်ရလဒ်ကို ပြန်ယူဖို့ ကျနော်တို့အတွက် ခက်ခဲခဲ့ပါတယ်။ ကျနော်တို့မှာ အင်အားလည်း မရှိတော့ဘူး။ ဒါကြောင့်ပဲ ဘောလုံး ထိန်းချုပ်ဖို့နဲ့ ပေးမှုတွေ လုပ်နိုင်ဖို့ ကွင်းလယ်မှာ လူတစ်ယောက်ကို ပိုပြီး ထည့်ထားရတာပါ။ ကစားကွက် အကူးအပြောင်းနဲ့ ရုပ်ပိုင်းဆိုင်ရာမှာ အာဆင်နယ်ကို ရင်ဆိုင်ရတာက ခက်ခဲနိုင်တယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ခက်လည်း ခက်ခဲခဲ့တယ်။

ကျနော်တို့ ကြိုးစားခဲ့ပြီး မိနစ်ပိုင်းအတွင်း ပင်နယ်တီနဲ့ အနီကဒ် ရခဲ့ပါတယ်။ ကိစ္စတွေ အများကြီးကို ဝေဖန် စိစစ်ရပြီး တစ်ခါတစ်လေမှာ ကံကြမ္မာက ကိုယ်ဘက်မှာ ရှိနေတာမျိုးကို ရင်ဆိုင်ရတတ်ပါတယ်။ ဒီအခြေအနေမှာ အာဆင်နယ်ကို အနိုင်ရလိုက်တာက ကျနော်တို့အတွက် ဘယ်လို အဓိပ္ပာယ်လဲဆိုတာ သိပါတယ်။ အခု ကျနော်တို့ အနားရပါပြီ ” လို့ ဆိုခဲ့တာဖြစ်တယ်။

အာဆင်နယ်နဲ့ မန်စီးတီးပွဲမှာ နှစ်သင်းလုံးက ပင်နယ်တီ ရသင့်တဲ့ ဖြစ်ရပ်တွေ ကိစ္စ ရှိခဲ့ပြီး အိုဒီဂတ်ရဲ့ ဖြစ်ရပ်ကို ပင်နယ်တီ မပေးဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ဘာနာတိုရဲ့ ဖြစ်ရပ်ကိုတော့ ပင်နယ်တီအဖြစ် သတ်မှတ်ပေးခဲ့တာပါ။ အာဆင်နယ်ဘက်ကတော့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် မှတ်ချက်ပေးခဲ့ကြတယ်။

” အာဆင်နယ်အသင်းရဲ့ ပင်နယ်တီ ကိစ္စကို ကျနော် မမြင်လိုက်ပါဘူး။ စခရင်ပေါ်မှာလည်း မပြခဲ့ဘူးလေ။ သူတို့က ကျနော်တို့ကို ဘာနာတို ကိစ္စကိုပဲ ပြခဲ့တာပါ။ ဘာနာတိုကိစ္စက ပင်နယ်တီ ရခဲ့ပါတယ် ဒါပေမယ့် အိုဒီဂတ် တစ်ကြိမ်ကိုတော့ မမြင်ခဲ့ပါဘူး။ ဒါကြောင့် ကျနော် မသိပါဘူး ” လို့ ဂွာဒီယိုလာက တုန့်ပြန်သွားခဲ့တာ ဖြစ်ပါတယ်။