မန်စီးတီးက နိုင်ပွဲနဲ့ လုံးဝ မထိုက်တန်ခဲ့ပါဘူးလို့ မှတ်ချက်ပြုလိုက်တဲ့ စီးတီး နောက်ခံလူဟောင်း

အမ်းမရိတ်မှာ ယှဉ်ပြိုင်ကစားတဲ့ အာဆင်နယ်နဲ့ မန်စီးတီးပွဲမှာတော့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး အငြင်းပွားဖွယ် ဒိုင် ဆုံးဖြတ်ချက်တွေကိုလည်း မြင်တွေ့ခဲ့ရကာ ၁၁ ပွဲဆက် ပရီးမီးယားလိဂ် နိုင်ပွဲနဲ့အတူ မန်စီးတီးက အဖိုးတန် အနိုင် ၃ မှတ် ပြည့် ရယူသွားခဲ့ပြန်ပါတယ်။

မန်နေဂျာအာတီတာ မပါဝင်နိုင်ခဲ့ပေမယ့် အာဆင်နယ်အသင်း ကစားပုံက အတော်လေး ကောင်းခဲ့သလို ဦးဆောင်ဂိုးကိုလည်း တီရာနေးရဲ့ ပေးမှုကနေ ဆာကာက ဧရိယာတွင်းကနေပဲ သပ်သပ်ရပ်ရပ် ကန်သွင်း အဆုံးသတ်ခဲ့တာပါ။ ပထမပိုင်း ခြေစွမ်းအရ ဒီနှစ်တွေမှာ ထိပ်ဆုံး ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ကစားစဉ် မြင်ရခဲ့တဲ့ ဂန်းနားတို့ရဲ့ အကောင်းဆုံး ခြေစွမ်းကို မြင်ခဲ့ရတာဖြစ်တယ်။

ဒီပွဲ ပထမပိုင်းမှာ အာဆင်နယ်က ပင်နယ်တီရသင့်တဲ့ အခွင့်အရေးကို ဒိုင်တွေက ငြင်းဆန်ခဲ့တယ်။ ဒုတိယပိုင်းမှာတော့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေနဲ့အတူ ဂါဘရီရယ် နှစ်ဝါတစ်နီဖြင့် ထွက်ခဲ့ရပြီး ပင်နယ်တီပါ ပေးခဲ့ရခြင်းက အာဆင်နယ် အတွက် နစ်နာခဲ့ပါတယ်။

ဒီနေ့ မန်စီးတီးရဲ့ အနိုင်ရလဒ်က မထိုက်တန်ခဲ့ဘူးလို့ စီတီး ခံစစ်မှုးဟောင်း Nedum Onuoha ကလည်း ပွဲအပြီး ဘီဘီစီ အစီအစဉ်မှာ မှတ်ချက်ပြုခဲ့ပါတယ်။

” အာဆင်နယ် အတွက်တော့ တော်တော် ကံမကောင်းတာပါ။ ကျနော့် အမြင် (အနိုင်ဂိုးက) စီးတီးနဲ့ မထိုက်တန်ပါဘူး။ သူတို့ တစ်ယောက်အသာနဲ့ ကစားရတာကို တော်တော် ကံကောင်းနေပြီးသား၊ အဲဒါကို သရေနဲ့ အကြာကြီး ဆက်သွားခဲ့တယ်။ နောက် ၉၃ မိနစ်မှာမှ ဂိုးသွင်းတယ်။

ဒီနေ့ ၂ဂိုးလုံးအတွက် သူတို့ အရူးအမူးကို အောင်ပွဲခံခဲ့ကြတာ၊ ဘာဖြစ်လို့လဲ ဆိုတော့ မန်စီးတီးက ဒီနေ့ သူတို့ အကောင်းဆုံး အနေအထားမှာ မရှိခဲ့ဘူး။ နည်းနည်းတောင် မနီးစပ်ခဲ့တာပါ ” လို့ ၎င်းက ပြောဆိုခဲ့တာပါ။

The Times သတင်းဌာနရဲ့ အယ်ဒီတာချုပ် Henry Winter ကတော့ ” ဒိုင်လူကြီးတွေရဲ့ အရည်အချင်း မတိုးတက်မချင်း VAR က ပရီးမီးယားလိဂ်မှာ အဆင်ပြေမှာ မဟုတ်ပါဘူး။ အာဆင်နယ်နဲ့ မန်စီးတီးပွဲမှာ မတည်ငြိမ်တဲ့ ဆုံးဖြတ်ချက် နှစ်ခုကို မြင်ခဲ့ရတယ်။ နှစ်ကြိမ်လုံး ပင်နယ်တီ ရသင့်ပေမယ့် တစ်ကြိမ်ကိုပဲ ပင်နယ်တီ ပေးခဲ့ပါတယ်။

ပရိသတ်တွေအတွက်ကော ကစားသမားတွေအတွက်ပါ စိတ်ပျက်စရာပါ။ ပွဲကို ဖျက်ဆီးခဲ့တာပါ။ အချို့ဒိုင်တွေက မဆိုးပေမယ့်လို့ အားလုံးကို ခြုံကြည့်မယ်ဆိုရင် ပရီးမီးယားလိဂ်လို ထိပ်တန်းအဆင့် ပြိုင်ပွဲမှာ ဒိုင်လူကြီးတွေက အရည်အချင်း မပြည့်မီပါဘူး ” လို့ ဝေဖန်သွားခဲ့တယ်။

စီးတီးဟာ ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယား ထိပ်မှာ ရပ်တည်နေပြီး ဒုတိယ နေရာမှ ချယ်ဆီးကို ၁၁ မှတ်၊ တတိယနေရာက လီဗာပူးကို ၁၂ မှတ်ထိ ဖြတ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။