ယူနိုက်တက်ရဲ့ လက်ရှိ အနေအထားကို ပျော်မနေပါဘူးလို့ နှစ်သစ်ဆုတောင်းမှာ ရော်နယ်ဒို ပြောလာ

ခရစ္စတီယာနို ရော်နယ်ဒိုက လက်ရှိ ယူနိုက်တက်မှာ ရနေတဲ့ အခြေအနေတွေအတွက် ကျေနပ်နေခြင်း မရှိဘဲ နှစ်သစ်မှာ ပိုကောင်းတဲ့ စိတ်ဓါတ်ပိုင်းတွေနဲ့အတူ ယှဉ်ပြိုင်သွားကြဖို့ အသင်းအဝတ်လဲခန်းကို တိုက်တွန်းခဲ့ပါတယ်။

၂၀၂၁ ခုနှစ်ရဲ့ အကြီးမားဆုံး အပြောင်းအရွှေ့တွေထဲက တစ်ခုအဖြစ် ရော်နယ်ဒိုဟာ စီးရီးအေကလပ် ဂျူဗင်တပ်ကနေ ပရီးမီးယားလိဂ်ကလပ် ယူနိုက်တက်ကို ပေါင် သန်း ၂၀ ဖြင့် ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ သူဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် သွင်းဂိုး ၁၄ ဂိုး သွင်းယူပေးထားပြီဖြစ်ပါတယ်။

ရလဒ်ပိုင်း မတည်ငြိမ်မှုနဲ့အတူ ယူနိုက်တက်ဟာ စွမ်းဆောင်ရည်တွေ ထိခိုက်ခဲ့တာကြောင့် ရာသီဝက်မှာတင် နည်းပြ အပြောင်းအလဲလည်း ဖြစ်ပေါ်ထားခဲ့တယ်။ ရော်နယ်ဒိုကတော့ နှစ်သစ်မှာ ဘောလုံးရာသီကို အကောင်းဆုံး တုန်ပြန်နိုင်ဖို့ မျှော်လင့်နေပါတယ်။

တိုက်စစ်သမား ရော်နယ်ဒိုက ” ၂၀၂၁ က အဆုံးသတ်ပါပြီ။ ပြိုင်ပွဲစုံမှာ သွင်းဂိုး ၄၇ ဂိုး သွင်းယူခဲ့တယ် ဆိုပေမယ့်လို့ လွယ်ကူတဲ့ နှစ်တစ်နှစ် မဟုတ်ခဲ့ပါဘူး။ ဂျူဗင်တပ်နဲ့အတူ အီတလီဖလား၊ အီတလီစူပါဖလားတို့ကို အနိုင်ရခဲ့ပြီး စီးရီးအေရဲ့ ထိပ်တန်း ဂိုးသွင်းရှင် ဖြစ်ခဲ့တာကိုတော့ ဂုဏ်ယူပါတယ်။

ပေါ်တူဂီအသင်းနဲ့အတူ ယူရိုမှာ သွင်းဂိုးအများဆုံး တိုက်စစ်သမားဖြစ်ခဲ့တာကလည်း ဒီနှစ်ရဲ့ အမြင့်မားဆုံးသော အဆင့်တစ်ခုဖြစ်ပါတယ်။ အိုးထရတ်ဖိုဒ့်ကို ပြန်လာရတာကတော့ ကျနော်ရဲ့ ကစားသမားဘဝ အရေးပါဆုံး အခိုက်အတန့်တွေထဲက တစ်ခုဖြစ်ခဲ့တာ သေချာပါတယ်။

ဒါပေမယ့်လို့ ယူနိုက်တက်မှာ ကျနော်တို့ ရနေတာတွေအတွက် ပျော်ရွှင်မိခြင်း မရှိပါဘူး။ ဘယ်သူမှလည်း မပျော်ဘူးဆိုတာ သေချာပါတယ်။ ကျနော်တို့တွေ ပိုပြီး ကြိုးစား အားထုတ်ဖို့ ပိုကောင်းကောင်း ကစားဖို့နဲ့ အခု လုပ်ထားနိုင်တာတွေထက် ပိုကောင်းကောင်း လုပ်နိုင်ဖို့ လိုအပ်တယ်ဆိုတာ သိထားပါတယ်။

၂၀၂၂ ခုနှစ် နှစ်သစ်ကို ဒီရာသီရဲ့ ကောင်းမွန်တဲ့ အလှည့်အပြောင်းဖြစ်လာအောင် ကြိုးစားကြရအောင်ပါ။ ၂၀၂၂ ခုနှစ်ကို ပိုကောင်းတဲ့ စိတ်ထား၊ ပိုကြံ့ခိုင်တဲ့ စိတ်ဓါတ်ပိုင်းတွေနဲ့ ကြိုဆိုလိုက်ရအောင်ပါ။ အသင်းအမြဲတမ်း ရှိနေခဲ့တဲ့ ကြယ်တွေလို အဆင့်အတန်းတွေထိအာင် အသင်းကို အမြင့်ဆုံးတွေထံ ပြန်လည် ခေါ်ယူသွားလိုက်ကြရအောင်ပါ။ အားလုံး အတူ ပူးပေါင်း လုပ်ဆောင်လိုက်ရအောင်ပါ။

ပျော်စရာနှစ်သစ်ဖြစ်ပါစေ။ မကြာခင် တွေ့ကြတာပေါ့ ” လို့ အင်စတာဂရမ်ကနေ နှစ်သစ်ကို နုတ်ဆက် ကြိုဆိုလိုက်တာပဲ ဖြစ်ပါတယ်။