ချယ်ဆီးက သူ့ရဲ့ အသင်းသစ်အတွက် ဦးစားပေးမှာ စတုတ္ထနေရာပဲ ရှိခဲ့တာလို့ လူကာကူ ထပ်ပြော

လူကာကူက ပြီးခဲ့တဲ့ နွေဈေးကွက်တုန်းက အင်တာမီလန်ကနေ ထွက်ခွာဖို့ စဉ်းစားချိန်မှာ ချယ်ဆီးက သူ့အတွက် ဦးစားပေးစာရင်းမှာ စတုတ္ထနေရာမှာပဲ ရှိခဲ့တယ်လို့ ထုတ်ပြောလာပါတယ်။

ဒီရက်တွေအတွင်း သူ့ရဲ့ စကိုင်းအီတလီနဲ့ အင်တာဗျူးမှာ ဒီစကားတွေကို ပြောဆိုလာခဲ့တာဖြစ်ပြီး ရုပ်သံကို လွန်ခဲ့တဲ့ ၃ ပတ်တုန်းက ရိုက်ကူးထားခြင်းဖြစ်ကာ လီဗာပူးပွဲ မတိုင်ခင်မှာ ထုတ်လွှင့်လာခဲ့တာဖြစ်ပါတယ်။ အပိုင်း နှစ်ပိုင်းဖြင့် ထုတ်လွှင့်ခဲ့ပြီး နှစ်ပိုင်းလုံးမှာ ရှော့ရစရာ ပြောဆိုမှုတွေ ပါဝင်လာခဲ့တာဖြစ်တယ်။

လန်ဒန်ကလပ်ကို ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅ သန်းဖြင့် ပြောင်းလာခဲ့တဲ့ လူကာကူက ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်တို့ကို ပြောင်းလိုခဲ့တာဖြစ်တယ်။ သူ့ရဲ့ ပြောဆိုမှုတွေဟာ ချယ်ဆီးရဲ့ အနေအထားကို ပိုခက်ခဲစေတာနဲ့အတူ မလိုအပ်တဲ့ အသံတွေအဖြစ် တူချယ်က ညွှန်းဆိုထားပါတယ်။

လူကာကူက ‘ ပြီးခဲ့တဲ့နွေမှာ ကျနော် အင်တာဘုတ်အဖွဲ့နဲ့အတူ စာချုပ်သစ်အတွက် မေးမြန်းမှု လုပ်ခဲ့ပါတယ်။ ကျနော်အသက် ၂၈ နှစ်ရှိနေပါပြီ။ အီတလီမှာ မိသားစုနဲ့ ပလန်တွေချဖို့ စာချုပ်သစ် လိုချင်ခဲ့ပေမယ့် အင်တာဘက်က မပေးခဲ့ပါဘူး။ ဘဏ္ဍရေးပိုင်းအရ သူတို့က စာချုပ်သစ်ပေးဖို့ မဖြစ်နိုင်ခဲ့ဘူး။ ကျနော်အတွက်တော့ အဲ့တာက လက်ခံဖို့ ခက်ခဲပါတယ်။

ထိပ်ဆုံးအဆင့် အသင်း ၃ သင်းရှိခဲ့ပြီး ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်တို့ ဖြစ်ပါတယ်။ ကစားသမားတိုင်းက အဲ့သုံးသင်းအတွက် အိပ်မက်တွေ ရှိခဲ့ကြတာပဲ။ ဒါက အမှန်တရားပါပဲ။ ကျနော်ကလည်း အင်တာက ထွက်လာရင် အဲ့ထဲက တစ်သင်းကို ပြောင်းမယ်လို့ တွေးခဲ့မိပါတယ်။

အဲ့တာက မဖြစ်လာခဲ့သလို ကျနော် သွားလို့ရနိုင်မယ့် အခြားသော တစ်နေရာက ချယ်ဆီးပဲလို့ မြင်ခဲ့တယ်။ မနှစ်တုန်းက နွေမှာ ချယ်ဆီးဘက်က ကမ်းလှမ်းလာခြင်း မတိုင်ခင်ထိ ပြန်သွားဖို့ မစဉ်းစားခဲ့ပါဘူး။ အင်ဇာဂီက ကျနော်နဲ့ အရမ်း အဆင်ပြေပါတယ်။

ချယ်ဆီးက ကမ်းလှမ်းလာချိန်မှာတော့ ကျနော်အတွက် စိန်ခေါ်မှု ဖြစ်ခဲ့ပါတယ်။ ဒီ ၈ နှစ်အတွင်းမှာ ပရီးမီးယားလိဂ်ဖလား အောင်မြင်လိုတဲ့ စိတ်ဆန္ဒမျိုး ကျနော်မှာ ရှိထားခဲ့တယ်။ ငယ်စဉ်တည်းက အားပေးခဲ့ရတဲ့ ပရီးမီးယားလိဂ် ကလပ်တစ်သင်းထံက ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချဖို့ကလည်း ခက်ခဲခဲ့ပါတယ် ’ လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ချယ်ဆီးပရိသတ်တွေကော အင်တာမီလန် ပရိသတ်တွေကပါ လူကာကူရဲ့ အင်တာဗျူးကို သဘောမကျဖြစ်နေကာ လူမှုကွန်ယက်မှာ ပြင်းထန်တဲ့ တုန့်ပြန်မှုတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။