ရှော့ရစရာ မှတ်ချက်အတွက် ချယ်ဆီးပရိသတ်တွေကို ပြန်တောင်းပန်ဖို့ ဖိအားပေးခံနေရတဲ့ လူကာကူ

ရိုမဲလူ လူကာကူဟာ ချယ်ဆီးမှာ မပျော်တဲ့အကြောင်းနဲ့ အနာဂတ်မှာ အင်တာမီလန်ကို ပြန်ချင်ကြောင်း လေးစားမှုမရှိတဲ့ မှတ်ချက်စကားတွေ ပြောဆိုခဲ့တာအတွက် ပရိသတ်တွေကို တောင်းပန်ဖို့ တောင်းဆိုမှုတွေ ထွက်လာခဲ့ပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ်များစွာက လုပ်ခဲ့တာဖြစ်ပြီး မနေ့က လွှင့်ခဲ့တဲ့ အီတလီက အင်တာဗျူးတစ်ခုမှာ လူကာကူက တူချယ် လက်အောက် သူ့ရဲ့ နေရာကို မပျော်မရွှင်ဖြစ်နေပြီး မကြာမီ အနာဂတ်မှာ အင်တာကို ပြန်ချင်တဲ့အကြောင်း ဝန်ခံခဲ့တာပါ။

“ လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး ကျွန်တော် မပျော်ပါဘူး။ ဒါပေမယ့် ကျွန်တော်က ပရော်ဖက်ရှင်နယ် တစ်ယောက်ပါ။ လက်မလျှော့ပါဘူး။ ကျွန်တော် အင်တာ ပရိသတ်တွေကိုတော့ တောင်းပန်စကား ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် စွန့်ခွာခဲ့တဲ့နည်းလမ်းက မဖြစ်သင့်ခဲ့ဘူးလို့ ကျွန်တော် ထင်လို့ပါ။

အနာဂတ်မှာ အင်တာမီလန်ကိုပြန်ဖို့ ကျွန်တော့်စိတ်ထဲ တကယ်ကို မျှော်လင့်ထားတယ်။ ကျွန်တော့် ကစားသမားဘဝ ကုန်ခါနီးမှ မဟုတ်ပဲ ပိုပြီး အောင်မြင်ဖို့ ကောင်းမွန်တဲ့ အဆင့်အတန်းမှာ ရှိနေတုန်းမှာ အဲ့ဒီ့ကို ပြန်ချင်တာပါ ” လို့ လူကာကူက ဆိုပါတယ်။

ပရီးမီးယားလိဂ် ကစားသမားဟောင်းတွေဖြစ်တဲ့ ဆင်ကလဲယားနဲ့ ဒါရင်းဘန့်တို့ကတော့ လူကာကူဟာ လက်ရှိ ကလပ်ပေါ် လေးစားမှုမရှိဘူးလို့ စွပ်စွဲခဲ့ပါတယ်။

“ ကျွန်တော် လုံးဝ ရှော့ခ်ရသွားတယ်။ ဒီလို မှတ်ချက်စကားတွေ ပြောခဲ့တာနဲ့ ပတ်သက်ပြီး ချယ်ဆီး ပရိသတ်တွေကို တောင်းပန်သင့်တယ်လို့ ကျွန်တော်ထင်တယ်။ ဒါက ကလပ် ပရိသတ်တွေအတွက် အတော်လေးကို လေးစားမှု ကင်းမဲ့တာပဲ။ ချယ်ဆီးမန်နေဂျာကိုလည်း လေးစားမှု မရှိသလို ဖြစ်စေတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး သူ တူချယ်နဲ့ စကားမပြောခဲ့ဘူးဆိုရင် ကျွန်တော် တော်တော် အံ့ဩမိမှာပါ။ သူဖြေခဲ့တဲ့ အဖြေက အဲ့ဒီ့လိုတော့ မရည်ရွယ်ခဲ့ဘူး ထင်ပါတယ်။ ဒါပေမယ့် လူရှေ့ထွက်ပြီး အဲ့လို မပြောသင့်ဘူး။ ဒါက အသင်းဖော်တွေနဲ့ အသင်းပိုင်ရှင်အပေါ် လေးစားမှု မရှိတာဘဲ။

သူက ၂၈ နှစ်ရှိပါပြီ။ ချယ်ဆီးရဲ့ ကစားသမား တော်တော်များများက သူ့ကို အတုယူရမယ့် သူတွေပါ။ အခုတော့ သူက အားလုံးကို စိတ်ပျက်စေခဲ့တယ်လို့ ထင်တယ်”လို့ ဆင်ကလဲယားက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟောင်း ဒါရင်းဘန့်ကလည်း “တချို့စကားတွေကတော့ ရူးကြောင်ကြောင်ပဲ။ သူပြောထားတာ တစ်ခုရှိတယ်။ အင်တာမီလန်ကို ပြန်ဖို့ မျှော်လင့်တယ်ပေါ့။ ကစားသမားဘဝ အဆုံးသတ်မှာ မဟုတ်ဘဲ သူ အကောင်းဆုံးအချိန်မှာ ရှိနေတုန်းကို ပြန်ချင်တာတဲ့။ ဒါကို မကြာခင် ဖြစ်လာဖို့ မျှော်လင့်နေတယ်။

သူက အသက်ငယ်တော့တာမှ မဟုတ်တာ။ ဒီပြောဆိုမှုက တုန်လှုပ်စရာပဲ။ သူ မကစားရလို့ စိတ်ပျက်နေတာကို ကျွန်တော် နားလည်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ တူချယ်က false nine အနေနဲ့ ပူလီဆစ် ဒါမှမဟုတ် ကိုင်ဟားဗတ်ကို ရွေးခဲ့ပြီး သူ မကစားခဲ့ရတဲ့အတွက် အချိန်တွေ ရှိခဲ့တယ်လေ။

ဒါပေမယ့် ဒီအကြောင်းကို လူသိရှင်ကြား ထုတ်ပြောတာက ချယ်ဆီးအသင်းအတွက် ပြင်းထန်တဲ့ ထိခိုက်မှုတစ်ခုပဲ ” လို့ ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။